Home
နိုင်ငံတကာ
ပါကစ္စတန် ကက်ရှ်မီးယားမြို့တော်၌ ဆန္ဒပြမှုများကြောင့်  စီးပွားရေးလုပ်ငန်းများ ပိတ်ထား
DVB
·
October 5, 2025
Photo: Reuters

ပါကစ္စတန်အစိုးရက ထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားပြည်နယ်ရဲ့ မြို့တော်မူဇာဖှာရာဘတ်မှာ ၄ ရက်အတွင်း လူ ၈ ယောက်ထက်မနည်းသေဆုံးခဲ့ရတဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် စျေးဆိုင်တွေနဲ့ လုပ်ငန်းတွေကို ပိတ်ထားခဲ့ရ ပါတယ်။

ဆန္ဒပြသူတွေက စက်တင်ဘာ ၂၉ ရက်မှာစတဲ့ ဆူပူအုံကြွမှု တပတ်တာအတွင်း ပိတ်ထားတဲ့ ဈေးဆိုင်တွေရှေ့မှာ ချီတက်ခဲ့ကြပြီး ပါကစ္စတန်အစိုးရ အုပ်ချုပ်တဲ့ ကက်ရ်ှမီးယားအလံတွေကို ဝှေ့ယမ်းရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကျောင်းတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေက သပိတ်မှောက်ခဲ့ကြပြီး လွန်ခဲ့တဲ့ ၄ ရက်အတွင်း ဒေသတွင်း နေရာအနှံ့အပြားကို ပိတ်ထားတယ်လို့ တာဝန်ရှိသူတွေနဲ့ ပါကစ္စတန် ရုပ်သံသတင်းတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၄ ရက်မှာလည်း စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားခဲ့ပြီး လမ်းတွေပေါ်မှာ လူစုလူဝေးတွေ ရှိနေခဲ့ ပါတယ်။

ပွဲစီစဉ်သူတွေက ဒေသတွင်း နိုင်ငံရေးသမားတွေ၊ ဗျူရိုကရက်တွေနဲ့ တခြားထိပ်တန်းအစိုးရအရာရှိ တွေရဲ့ လစာပြင်ပခံစားခွင့်နဲ့ အခွင့်ထူးတွေကို ဆန့်ကျင်တယ်လို့  ကက်ရှ်မီးယားအရပ်ဘက် အခွင့်အရေးအဖွဲ့တွေရဲ့ မဟာမိတ်အဖွဲ့ကို ဦးဆောင်သူ ရှိုးခက်နဝပ်ဇ်မီယာက ဆန္ဒပြပွဲတွေ မတိုင်မီမှာ ပြောပါတယ်။

တခြားအဓိက မကျေနပ်ချက်က ပါကစ္စတန်ရဲ့ တခြားဒေသတွေက ကိုယ်စားလှယ်တွေအတွက် သီးသန့်ထားတဲ့ ဒေသန္တရ ကက်ရ်ှမီးယား ဥပဒေပြုလွှတ်တော်ထဲက အမတ်နေရာတွေဖြစ်ပြီး ဒါဟာ ဒေသန္တရ အစိုးရတွေကို ဖြုတ်ချဖို့ ဖွဲ့စည်းဖို့ သုံးနေတာလို့ ကက်ရ်ှမီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ဇ်ရှရစ်ဖ်က ဆက်ဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့ အကြီးတန်းအရာရှိတွေရဲ့  ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ဂျမူးကက်ရှ်မီးယား အဝါမီ အရေးယူဆောင်ရွက်ရေးကော်မတီ (JKJAAC) ရဲ့ ခေါင်းဆောင် ဖိုင်ဆယ်လ် ဂျမီးလ်ကက်ရှ်မီရီက ဆွေးနွေးပွဲတွေက တိုးတက်မှုရှိတယ်လို့ ယုံကြည်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။

တောင်းဆိုချက်အများစုကို ဖြည့်ဆည်းရာမှာ ကူညီဖို့ ရူပီး ၂၄ ဘီလီယံ (ဒေါ်လာ ၈၆ သန်း)ဖိုး အထောက်အပံ့ကို ဝန်ကြီးချုပ်က အတည်မပြုမီ မနှစ်ကလည်း အလားတူ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013