Home
နိုင်ငံတကာ
ပါကစ္စတန် အရန်စစ်တပ်ကို ပစ်မှတ်ထား အသေခံဗုံးခွဲမှုကြောင့် ၁၀ ဦး သေဆုံး 
DVB
·
October 1, 2025
Photo: Reuters

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကတ်တာမြို့မှာ စက်တင်ဘာ ၃၀ ရက်က အရန်တပ်ဖွဲ့ဌာနချုပ် အပြင်ဘက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြည်နယ်ကျန်းမာရေးဝန်ကြီး ဘက်ခ်ကာကာက ဒဏ်ရာရသူ ၃၁ ယောက်ထက်မနည်း ရှိခဲ့ပြီး ၅ ယောက်က  စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အရန်တပ်သားတွေလည်းပါပေမဲ့ အရေအတွက် အတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အသေခံဗုံးခွဲမှုအပြီး သေနတ်သမားအများအပြားက ဌာနချုပ်ကို စီးနင်းဝင်ရောက်ခဲ့ပြီး အရန်တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ထွက်လာခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဆာဖရပ်စ်ဘူတီက ရုပ်မြင်သံကြားကနေ ပြောပါတယ်။

အသေခံဗုံးခွဲသူဟာ ပစ်ကပ်ထရပ်ကားကို မောင်းလာခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နောက်ထပ် တိုက်ခိုက်သူ ၄ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

ကက်တာမြို့ဟာ အာဖဂန်နစ္စတန်နဲ့ရော အီရန်နဲ့ပါ နယ်နိမိတ်ချင်း ထိစပ်နေပြီး မတည်မငြိမ်ဖြစ်နေတဲ့ ဘာလိုချီစတန်ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။

ဒေသတွင်း လှုပ်ရှားနေတဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေး သောင်းကျန်းသူ ၂ ဖွဲ့စလုံးက မကြာသေးမီလတွေအတွင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

ဗုံးခွဲမှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်မပြောခဲ့ပါဘူး။ တွင်းထွက်ကြွယ်ဝတဲ့ ဒီဒေသဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံရဲ့ တစိတ်တပိုင်းအနေနဲ့ ဂွါဒါဆိပ်ကမ်း တည်ရှိရာနေရာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခေတ်သစ်ပိုးလမ်း စီမံကိန်းမှာ ဒေါ်လာ ၆၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ တရုတ်ရဲ့ ကမ္ဘာ့လက်လှမ်းမီမှုကို ကုန်းလမ်း၊ ရထားလမ်းနဲ့ ပင်လယ်ရေကြောင်းတို့နဲ့ ချဲ့ထွင်ဖို့ ကြိုးပမ်းနေပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေ၊ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စီမံကိန်းတွေကို ပစ်မှတ်ထားတဲ့ ခွဲထွက်ရေးသမားတွေက သူတို့ဟာ ဒေသဆိုင်ရာ အရင်းအမြစ်ဝေစုအတွက် တိုက်ပွဲဝင်နေတာလို့ ပြောနေကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013