
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ကရင်နီပြည်က လူငယ်တွေအနေနဲ့ အခွင့်အရေးရခဲ့ရင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ အောင်ပွဲခံနိုင်ဖို့ တော်လှန်ရေးမှာ ပြန်ပါဝင်တိုက်ခိုက်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုစစ်ဦးစီးချုပ်က ဖိတ်ခေါ်လိုက်ပါတယ်။
KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်သူ မာဝီက ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ ကရင်နီပြည်က လူငယ်တွေ အနေနဲ့လည်း အခွင့်အရေးသာရှိမယ်ဆိုရင် ကိုယ့်ဒေသကိုပြန်လာပြီး ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ပြီး အောင်ပွဲကို အတူတူယူကြမယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက်တုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ ကယားရိုးရာ ဒီးကူပွဲတော်ရဲ့ အမှာစကားမှာ ထည့်သွင်းပြောရင်း ဖိတ်ခေါ်ခဲ့တာပါ။
“ကျနော်တို့လူငယ်တွေလည်း အချိန်အခါရှိမယ်၊ အခွင့်အရေးသာ ပေးမယ်ဆိုရင်တော့ ကျနော်တို့နဲ့အတူတူ ပြန်လာပြီးတော့မှ တိုက်ခိုက်ဖို့ရာအတွက် အောင်ပွဲတွေအတူတူခံဖို့ရာအတွက် ကျနော် ပြန်ဖိတ်ခေါ်လိုပါတယ်။”
စစ်ဘေးဒဏ်မခံရတဲ့အရပ်မှာ ပုံမှန်ဘဝအတိုင်း အသားကျမသွားဖို့နဲ့ လက်ရှိ ကရင်နီပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေ့မသွားဖို့အတွက်ကိုလည်း လူငယ်တွေကို တိုက်တွန်းပြောကြားထားပြီး ထိုင်းမှာ နေထိုင်ရုန်းကန်နေရတာတွေကို နားလည်ကြောင်း အမှာစကားမှာ ထည့်ပြောသွားခဲ့ပါတယ်။
“ကျနော်တို့ ဒီမှာ ဆင်းဆင်းရဲရဲနေရတာကို ကျနော်သိတယ်။ တချို့သောသူတွေ တချို့သော အလုပ်ခွင်တွေ ကျနော်လိုက်ကြည့်တယ်။ အိမ်သာ သာသာလောက်ရှိတဲ့ အခန်းထဲမှာ သွပ်တွေ ဒီလောက်ပူလောင်နေတဲ့နေရာမျိုးမှာ နေ့ရော ညရော နေပြီးတော့မှ ရုန်းကန်လှုပ်ရှားနေရတာ အဲဒါတွေအားလုံးက ကျနော်တို့ရဲ့ အိမ်ဆိုတဲ့ အခြေအနေ ပျောက်နေလို့ ဖြစ်တယ်။ အဲတော့ တနေ့မှာ ကျနော်တို့ အိမ်ပြန်ကြမယ်။”
လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ဘက်က စစ်မျက်နှာ ၃ ခုဖွင့်ပြီး ထိုးစစ်ဆင်လာနေကာ စစ်ကောင်စီရဲ့ စစ်လက်နက်ရိက္ခာကားတွေဟာ ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်းအတွင်းမှာ ဝင်ရောက်အင်အားဖြည့်တင်းနေတဲ့အတွက် ဒီလိုအခြေအနေတွေဟာ တစ်လေးလုံးမတိုင်မီ အခြေအနေကို ပြန်ရောက်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အချိန်ယူပြီး တိုက်ရမယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုကားလမ်းမနားတချို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အပြင် ဒီတခေါက်ထိုးစစ်မှာ ဒရုန်းဒဏ်တွေ ပိုခံလာရတယ်လို့ ဒီးမော့ဆိုမြို့ခံတယောက်က ဆိုပါတယ်။
“စစ်တပ်က နယ်မြေတိုးချဲ့လာနေပြီ။ တဖြည်းဖြည်းနဲ့ လူအင်အားတွေလည်း ဖြန့်ကြက်လာတာ။ နေ့တိုင်းပဲ မနက်တိုင်းပဲ လက်နက်ကြီးတွေထုတယ်၊ ဒရုန်းတွေချတယ်၊ ပြီးတော့ ကျမတို့ကတော့ အခြေအနေရပဲ၊ တအားနီးကပ်တော့မှပဲ ရှောင်ရင် ရှောင်လိုက်တော့မယ်။ လောလောဆယ်တော့ မရှောင်သေးဘူး။”
လက်ရှိ ဒီးမော့ဆို-ဖရူဆို-ဘောလခဲ ကားလမ်းမကြီးမှာ ထိုးစစ်ကြောင့် ဒေသခံပြည်သူတွေ စစ်ရေးသတိရှိဖို့ KNDF က ထုတ်ပြန်ထားပြီး မိုးဗြဲဘက်ခြမ်းမှာလည်း စစ်ကောင်စီတပ်တွေ မြို့ထဲကနေ ထွက်ဖို့ ကြိုးစားနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ နေ့စဥ် တိုက်ပွဲဖြစ်နေပါတယ်။
မောရစ်