Home
ဆောင်းပါး
တော်လှန်ရေးနဲ့ ဝေဖန်ရေး
DVB
·
September 11, 2025
Design: DVB

တော်လှန်ရေးမှာ ဝေဖန်ရေးက ဘယ်လောက်အရေးကြီးသလဲ။

အဲဒီလို အမေးခံရရင် ခင်ဗျား ဘယ်လိုဖြေမလဲ။ လူဆိုတာ သူများကို ဝေဖန်ရင်တော့ ကောင်းတယ်။ မိမိကိုယ်ကိုကျတော့ ဝေဖန်မခံနိုင်ကြဘူး။ ကျနော့်တကိုယ်စာ အဖြေပေးရမယ် ဆိုရင်တော့ တော်လှန်ရေးမှာ ဝေဖန်ရေးကလည်း အတော်ကို အရေးပါတယ်လို့ ဆိုရမှာပဲ။ ဝေဖန်တာ ဆန်းစစ်တာကို ပြောတာနော်။ လေကန်တာ ပါးစပ်သရမ်းတာကို ပြောတာမဟုတ်ဘူး ဆိုတာကိုတော့ သဘောပေါက်စေချင်ပါတယ်။ 

အခုတလော တော်လှန်ရေးမှာ ဝေဖန်သံတွေ ဆူညံနေအောင်ကို ကြားရတယ် မဟုတ်လား။ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ ကောင်းပါတယ်ပေါ့။ ဘာကောင်းတာလဲဆိုတော့ စိတ်ပျက်ဖို့ကောင်းတာပါ။ ခင်ဗျား ပြောတော့ ဝေဖန်ရေးက အရေးကြီးတယ်ဆို။ အခုကျ ဘယ်လိုဖြစ်လို့ ဝေဖန်သံတွေ ဆူညံတာ စိတ်ပျက်ဖို့ ကောင်းတယ်ဆိုတော့ ကျနော်တို့က ဘယ်လို နားလည်ရမှာလဲပေါ့။

ဒီလိုပါ။ ကျနော် ဒီနေ့ ဆိုရှယ်မီဒီယာက ကျနော့်သူငယ်ချင်းဟောင်း၊ NLD လူငယ်လုပ်ငန်းအဖွဲ့က ကိုကြည်စင်ရဲ့ ပို့စ်တခု သွားဖတ်မိတယ်။ အဲဒီမှာ ဒီစာရေးချင်စိတ် ပေါက်လာလို့ပါ။ သူပို့စ်က စာက ဒီလိုပါ။ 

လက်ရှိ အင်ဒိုနီးရှားမှာ ဖြစ်နေတာတွေက အတိုက်အခံ ပျောက်ဆုံးခြင်းကနေ လာတာပဲ။ ပရာဘိုဝို အစိုးရစကတည်းက ရှိသမျှပါတီအားလုံးကို အစိုးရထဲ ထည့်ပြီး ဝန်ကြီးတွေ စံချိန်တင်ခန့်လိုက်တာ အတိုက်အခံ မကျန်သလို ဖြစ်သွားတယ်။ ဒီတော့ အမတ်တွေ စုပြီးလခတိုးကြမယ် လုပ်တော့ ကန့်ကွက်မယ့်သူလည်း မရှိတော့ဘူး။ 

Ideology မတူပေမဲ့ ပေါင်းစားကြတဲ့နေရာမှာ တူကြတဲ့အခါ လူထုက မဲပေးပေမဲ့ လူထုကို ကိုယ်စားဆက်ပြုစရာ မလိုတော့ဘူးလေ။ ဝေဖန်ထောက်ပြမယ့်သူကလည်း အစိုးရယန္တရားထဲရော နိုင်ငံရေးပါတီတွေထဲရော လွှတ်တော်မှာပါ မရှိတော့ဘူး။ 

ပေါင်းမစားဘဲ စေတနာ တကယ်ထားပြီး ပေါ်လစီတွေ ရေးဆွဲဦးတော့ မှားနေတယ်ဆိုရင် ထောက်ပြဝေဖန်တဲ့သူ မရှိတော့တဲ့ အတိုက်အခံ မည်မည်ရရမရှိတော့တဲ့ စနစ်တခုမှာ အမှန်ဖြစ်လာဖို့က မလွယ်ဘူး။

လူထုက ရွေးချယ်ထားတိုင်း လူထုဖြစ်စေချင်တာတွေပဲ လုပ်လိမ့်မယ်လို့ ပြောလို့မရဘူး။ အာဏာရှိတဲ့ အဝန်းအဝိုင်းထဲ ရောက်သွားပြီး နောက်ကနေ မထိန်းပေး ဝေဖန်ပေးမယ့်သူမရှိရင် လူထုအစိုးရသည် လူထုကို ကိုယ်စားဆက်ပြုမှာမဟုတ်ဘူး။

NUG ကို ဝေဖန်ကြတယ်ဆိုတာနဲ့ ဆတ်ဆတ်ထိမခံ ဖြစ်နေသူတွေလည်း ဒါတွေက သင်ခန်းစာယူဖို့ ကောင်းတယ်။ တော်လှန်ရေးအင်အားစုဆိုပြီး အကုန်စုထားတဲ့အခါ credible ဖြစ်တဲ့ အတိုက်အခံ မရှိတော့သလို လက်နက်တွေပါ ကိုင်ထားကြတော့ တကယ်တမ်း မြေပြင်မှာ ထောက်ပြဖို့ ခက်တယ်။ စကမ ကိုလည်း NUG ရဲ့ အတိုက်အခံလို့ ပြောလို့မရဘူး။

အဲဒီတော့ လုံခြုံတဲ့နေရာ ခပ်ဝေးဝေးက နိုင်ငံရေးထဲ အတိုင်းအတာတခု ပါဝင်ခဲ့ဖူးသူတွေထဲက ဝေဖန်သူတွေကပဲ မရှိတဲ့ အတိုက်အခံနေရာကို ဖြည့်ပေးရမှာပဲ။ ဝေဖန်တိုင်း စစ်တပ်ဘက်ကလို့ ပြော၊ အဖွဲ့အသင်းက ထုတ်ပယ်၊ ကုန်းချောတာတွေ လုပ်ရင်တော့ အဆင်မပြေလှဘူး စသဖြင့် သူ ဝေဖန်ထားတယ်။ 

ကျနော် ဆိုလိုတာက အဲဒီလို ဝေဖန်ထောက်ပြမှုမျိုးက အတွေးအခေါ်ပါတယ်။ ဉာဏ်ပညာ ပါတယ်။ သမားရိုးကျလမ်းစဉ်ကနေ ရေဆန်ကို ဆန်တက်ဖို့ တိုက်တွန်းချက်တွေပါတယ်။ ဝေဖန်ရေးဟာ အတိုက်အခံအလုပ်ဖြစ်လို့ အမုန်းမခံနိုင်တဲ့သူတွေ မလုပ်နိုင်ကြဘူး။ အတိုက်အခိုက် မခံချင်တဲ့ မောင်လူအေးတွေနဲ့ တော်လှန်ရေး အလုပ်မဖြစ်ဘူးလို့ ပြောချင်တာပဲ။

ကျနော်တို့လူမျိုးက အတော်အရေးပါချင်တဲ့ လူမျိုး။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တခါ ထောက်ပြဖူးတယ်။ အဲဒီ အရေးပါချင်တဲ့ ကိစ္စကိုပေါ့။ ပြီးတော့ နေရာတကာမှာ ဆရာကြီး လုပ်ချင်တယ်။ တပ်ထဲမှာဆို ဗိုလ်ပဲ လုပ်ချင်တယ်။ ဗိုလ်တထောင်ဘုရားပဲ ရှိတယ်။ တပ်သား တရာ  ဘုရားလို့တောင် မကြားဖူးဘူး။

လူငယ်က လူကြီးကို ဝေဖန်လို့မရဘူး။ သားသမီးက မိဘကို ပြန်ထောက်ပြလို့မရဘူး။ အတော်ကို စိတ်ပျက်စရာကောင်းတဲ့ တိုင်းပြည်ဗျာ။ နောက်လိုက်က ခေါင်းဆောင်ကို ဝေဖန် ထောက်ပြလို့လည်း မရဘူး။ 

နွေဦးတော်လှန်ရေးလို အရေးတော်ပုံတခုအတွက် ဝေဖန်ရေး (criticism) ဆိုတာ အလွန်အရေးကြီးပါတယ်။ ဘယ်လို အရေးကြီးသလဲဆိုရင်-

၁။ အမှန်တရားကို ဖော်ထုတ်ပေးခြင်း

စစ်အာဏာရှင်က တော်လှန်ရေး တိုက်ပွဲမှာ အမှန်တရားကို ဖျက်သိမ်းချင်တာ များပါတယ်။ ဝေဖန်ရေးက အာဏာရှင်ရဲ့ မသမာမှု၊ လူထုအပေါ် မတရားပြုကျင့်မှုတွေကို ရှင်းလင်း ဖော်ထုတ်ပေးနိုင်ပါတယ်။

၂။ လူထုစိတ်ဓာတ်ကို သယ်ဆောင်ပေးခြင်း

စစ်အာဏာရှင်ထဲက လူတွေထဲမှာ ငြိမ်းချမ်းရေး လိုလားတဲ့စိတ်၊ အခွင့်အရေးနဲ့ ညီမျှမှုလိုလားတဲ့ စိတ်ကို ဝေဖန်စာပေ၊ ဝေဖန်ဆောင်းပါးတွေက တိုက်ရိုက်အာရုံစိုက်ကာ အကျိုးပြုပေးပါတယ်။

၃။ လမ်းညွှန်ပေးတဲ့ အခန်းကဏ္ဍ

ဝေဖန်ရေးက တိုက်ပွဲထဲမှာ အားနည်းချက်၊ ချို့တဲ့ချက်တွေကို ပြောပေးနိုင်ပြီး အရည်အသွေးပြည့်တဲ့ လှုပ်ရှားမှုအတွက် လမ်းညွှန်‌ပေးနိုင်ပါတယ်။

၄။ သမိုင်းအမွေအနှစ် ပုံဖော်ခြင်း

တော်လှန်ရေးအတွင်းက အတွေ့အကြုံ၊ အောင်ရမယ့်နည်းလမ်း၊ မအောင်တဲ့ အကြောင်းရင်းတွေကို ဝေဖန်ရေးဖြင့် မှတ်တမ်းတင်ထားသလို၊ နောက်မျိုးဆက်တွေ လေ့လာနိုင်မယ့် သမိုင်းစာတမ်းအဖြစ် ကျန်ရစ်သွားပါတယ်။

၅။ စဉ်းစားစရာ ထောက်ပံ့မှု

တော်လှန်ရေးဟာ စိတ်ဓာတ်သာမက စဉ်းစားပုံ၊ မဟာဗျူဟာလည်းလိုအပ်ပါတယ်။ ဝေဖန်ရေးက လက်နက်မဲ့ စဉ်းစားမှုတခုအနေနဲ့ အရေးကြီးပါတယ်။

ဝေဖန်ရေးရဲ့ အကျိုးဆက်

ဝေဖန်ရေး မရှိရင် တော်လှန်ရေးဟာ တဖက်တည်းပဲ သွားနိုင်ပြီး အမှားများလာနိုင်ပါတယ်။ ဝေဖန်ရေးနဲ့ အတူတူ ပေါင်းသင်း ဆွေးနွေးရင် တော်လှန်ရေးက ပိုမိုကျစ်လျစ်ပြီး အောင်မြင်မယ့် လမ်းကို လျှောက်နိုင်ပါတယ်။

အကျဥ်းအားဖြင့် အနှစ်ချုပ်ပြောရရင် နွေဦးတော်လှန်ရေးမှာ ဝေဖန်ရေး ဆိုတာ အမှန်တရားကို ထိန်းသိမ်းပေးတဲ့ ကာကွယ်စောင့်ရှောက်မှု၊ လှုပ်ရှားမှုကို တိုးတက်အောင်လုပ်ပေးတဲ့ လမ်းညွှန်မှု အဖြစ် အရေးအပါဆုံး ပါဝင်နေပါတယ်။ 

ဝေဖန်ခံနိုင်ကြမှ ခေါင်းဆောင်လုပ်ကြပါ။ ဝေဖန်စောကြောတာကို ကြည်ကြည်ဖြူဖြူ လက်ခံပြီး မှန်မှန်ကန်ကန် ပြုပြင်ပြောင်းလဲကြမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဖြစ်မှပါ။

နွေဦးတော်လှန်ရေးကြီးကလည်း ပီပီပြင်ပြင် အောင်မြင်ပြီးမြောက်မယ်လို့လည်း ယုံကြည် မျှော်လင့်ကြရအောင်ပါ။

ချစ်မင်းနွဲ့ကြည် 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024