
အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး ဗစ်တာယိုခရက်စ်ကို ကာကွယ်ပြောကြားလိုက်တယ်လို့ သတင်းထောက် ဖာဘရီဇို ရိုမာနိုက သူ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဂရိကလပ် အိုလံပီယာကော့နဲ့ ဥရောပချန်ပီယံလိဂ်ပွဲမှာ ယိုခရက်စ် ဂိုးမသွင်းနိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်ရဲ့ မေးခွန်းကို ပြန်ဖြေရာမှာ အဲဒီလို ကာကွယ် ပြောကြားလိုက်တာပါ။
ယိုခရက်စ်က ထူးခြားတဲ့သူဖြစ်ပြီး သူ့အနေနဲ့ အရမ်းသဘောကျတယ်လို့ အာတီတာက ပြောပါတယ်။
ဒါ့အပြင် သူက အသင်းအတွက် မယုံနိုင်လောက်တဲ့ နည်းလမ်းနဲ့ အထောက်အကူ ပေးနေတယ်လို့လည်း အာတီတာက ဆိုပါတယ်။
တိုက်စစ်မှူး ဗစ်တာ ယိုခရက်စဟာ စက်တင်ဘာ ၁၃ ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ပြိုင်ပွဲစုံ ၅ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၅ ပွဲမှာ ၄ ပွဲက ပွဲထွက်လူစာရင်းမှာ ပါခဲ့ပြီး တပွဲသာ လူစားဝင်ကစားခဲ့ရတာပါ။ ယိုခရက်စ်ဟာ စပို့တင်းလစ္စဘွန်းမှာ ကစားခဲ့တုန်းက ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားပြီး ၉၇ ဂိုး သွင်းခဲ့သူဖြစ်ကာ လက်ရှိ အာဆင်နယ်အသင်းမှာတော့ ပြိုင်ပွဲစုံ ၉ ပွဲကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။


