
အသွင်သစ် မန်ယူနိုက်တက်ကို အနိုင်ရခဲ့တာက ကြီးမားတဲ့အောင်ပွဲဖြစ်ကြောင်း အာဆင်နယ်နည်းပြ မီခေးလ်အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ ကစားသမားသစ်တွေနဲ့အတူ စွမ်းဆောင်ရည် ကောင်းမွန်လာတဲ့ မန်ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပွဲစဉ် ၁ မှာပဲ အိုးထရက်ဖို့ဒ်လို နေရာမှာ ကစားသမားသစ်တွေနဲ့ တည်ဆောက်ထားတဲ့ အသွင်သစ် မန်ယူအသင်းဆီ သွားရောက်ယှဉ်ပြိုင်ရတာက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ကြီးမားတဲ့အောင်ပွဲ ဖြစ်တယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
ဒါ့အပြင် အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်အပေါ်မှာလည်း နည်းပြ အာတေတာက ချီးကျူးသွားပါတယ်။