
လီဗာပူးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းပြအာတေတာရဲ့ နည်းဗျူဟာက စက်ရုပ်ပမာ ဖြစ်နေတယ်လို့ ဘောလုံးအစီအစဉ်သုံးသပ်သူတွေဖြစ်တဲ့ ကာရေဂါနဲ့ ရွိုင်ကိန်းတို့က ဝေဖန်သွားပါတယ်။
နည်းပြအာတေတာ အနေနဲ့ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ကစားခွင့်မပေးဘဲ သူ့ရဲ့ နည်းစနစ်အတိုင်း အတိအကျလိုက်နာအောင် စက်ရုပ်တရုပ်လို ကစားခိုင်းခဲ့ကြောင်း ဝေဖန်ခဲ့ကြတာပါ။
အာဆင်နယ်ရဲ့ ခံစစ်ကစားပုံနဲ့ အလွတ်တည်ကန်ဘောတွေ ကောင်းမွန်ခြင်းကို အသိအမှတ်ပြုပေမဲ့ လီဗာပူးကွင်းမှာ အဲဒီအားသာချက်တွေပဲ ယူဆောင်လာခဲ့ပြီး ထူးခြားမှုမရှိတဲ့အတွက် ဂိုးရဖို့ ခက်ခဲခဲ့တာဖြစ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
တိုက်စစ်ဆင်ရာမှာလည်း စက်ရုပ်ဆန်ဆန်ဖြစ်နေပြီး မတူကွဲပြားတဲ့ ကစားပုံ လိုအပ်ကြောင်း ရွိုင်ကိန်းနဲ့ ကာရေဂါတို့က ဝေဖန်ပါတယ်။
အာဆင်နယ်ရဲ့ အဝေးကွင်း ၂ ပွဲ ကစားပုံက ထူးခြားမှုမရှိဘဲ တည်ကန်ဘောတွေသာ အားကိုးပြီး ကစားကွက်ကနေ ဘာမှ ဖန်တီးမှု မလုပ်နိုင်ခဲ့ကြောင်းလည်း ကာရေဂါက ဝေဖန်သွားပါတယ်။
နည်းပြအာတေတာကတော့ လီဗာပူးနဲ့ပွဲစဉ်မှာ အံ့ဖွယ် ဖရီးကစ်အခိုက်အတန့်တခုက ပွဲရဲ့အဆုံးအဖြတ် ဖြစ်စေခဲ့တယ်လို့ သုံးသပ်သွားပါတယ်။
ပွဲချိန် ၈၃ မိနစ်မှာ ကွင်းလယ်လူ ဆိုဘိုစလိုင်းရဲ့ ၃၂ ကိုက်အကွာက ဖရီးကစ် ဂိုးဝင်သွားခဲ့တာကြောင့် အာဆင်နယ်တို့ ရှုံးပွဲစတင်တွေ့ခဲ့တာပါ။
ရလဒ်အတွက် စိတ်ပျက်မိပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း နည်းပြ အာတေတာက ပြောခဲ့ပေမဲ့ အက်ဇေး ရရှိတဲ့ ဂိုးသွင်းခွင့်လို အခြေအနေတွေမှာ ဂိုးရဖို့ လိုအပ်ကြောင်း ပြောပါတယ်။
နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်က ကွာဟချက် ကျဉ်းမြောင်းခဲ့ပြီး အံ့ဖွယ်ဖရီးကစ် အခိုက်အတန့်က ပွဲရလဒ်ကို အဆုံးအဖြတ်ဖြစ်စေခဲ့တာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။