
ဂိုးသမားအလစ်ဆန်နဲ့ တိုက်စစ်မှူး အစ်ကီတီကီတို့ ဒဏ်ရာရရှိသွားတဲ့အပေါ် နည်းပြအာနဲစလော့က စိုးရိမ်ကြောင်း ပြောသွားပါတယ်။
လီဗာပူးကစားသမား ၂ ယောက်ဟာ ဂါလာတာစာရေးကို ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကိုယ်စီ ဒဏ်ရာရရှိခဲ့ကြတာဖြစ်ပြီး ရှုံးပွဲထက်ပိုတဲ့ နစ်နာမှုအဖြစ် သတ်မှတ်ကြပါတယ်။
အထူးသဖြင့် ဘရာဇီးဂိုးသမား အလစ်ဆန်ရဲ့ ဒူးဒဏ်ရာက ပြင်းထန်မှုရှိတာကြောင့် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ သေချာသလောက်ရှိကြောင်း နည်းပြစလော့က ပြောပါတယ်။
တိုက်စစ်မှူး အစ်ကီတီကီက တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပွဲချိန် ၆၈ မိနစ်မှာ လူစားလဲခဲ့ရတာပါ။
၂ ယောက်စလုံးရဲ့ ဒဏ်ရာအတိမ်အနက်ကို စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှသာ တိတိကျကျ သိရမှာဖြစ်ပြီး ခြေစွမ်းပြသနေတဲ့ အဓိက ကစားသမား ၂ ယောက်ရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မိကြောင်း နည်းပြစလော့က ပြောသွားခဲ့တာဖြစ်ပါတယ်။


