
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ အနောက်ဘက်ရှိ မိုးမျှော်တိုက်ကြီးဖြစ်တဲ့ ဟိုက်ယက်ရီဂျင်စီဟိုတယ်ရဲ့ ခြေရင်းမှာ ပြင်သစ်နိုင်ငံဆိုင်ရာ တောင်အာဖရိကသံအမတ်ကြီး ကိုစီနာသီ အီမန်နူယယ် “နာသီ” မက်သ်ဟွာ သေဆုံးနေတာကို စက်တင်ဘာ ၃၀ ရက်က တွေ့ရှိခဲ့ရကြောင်း ပါရီအစိုးရရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး “နာသီ” မက်သ်ဟွာ ပျောက်ဆုံးနေကြောင်းကို သူ့ဇနီးဖြစ်သူက စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ သတင်းပေးပို့ခဲ့ပြီး အဲဒီအချိန်မတိုင်ခင်က ဇနီးဖြစ်သူကို စိတ်ပူကြောင်း မက်သ်ဟွာ ဆီက မက်ဆေ့ချ်တစောင် လက်ခံရရှိခဲ့တယ်လို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။
မက်သ်ဟွာဟာ ၂၂ လွှာမှာ အခန်းတခန်းကို ကြိုတင်စာရင်းသွင်းထားကြောင်း၊ လုံခြုံရေးအတွက် ပိတ်ထားတဲ့ ပြတင်းပေါက်ကို အတင်းဖွင့်ထားတာကိုလည်း တွေ့ရကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီး အဲဒီရလဒ်ကိုတော့ ကြိုတင် သိရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံဆိုင်ရာ တောင်အာဖရိက သံတမန်ကိုယ်စားလှယ်ပိုင် ကားတစီးကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဟိုတယ်အပြင်ဘက်မှာ ရပ်ထားတာကို တွေ့မြင်ခဲ့ပါတယ်။
Source: Reuters


