
ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ သမိုင်းဝင် နိုထရာဒမ်း ဘုရားကျောင်းရဲ့ အထင်ကရ တာဝါတိုင်တွေကို စက်တင်ဘာ ၂၀ ရက်မှာ အများပြည်သူကို ပြန်ဖွင့်ပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်က ဘုရားကျောင်း မီးလောင်မှုအတွင်း သမိုင်းဝင် အဆောက်အဦရဲ့ အစိတ်အပိုင်းတွေ လောင်ကျွမ်းသွားခဲ့ကာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘုရားကျောင်းရဲ့ ပင်မအဆောက်အအုံကို တစိတ်တပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်မှာ အခုတခါ ဘုရားကျောင်းအရှေ့ဘက်က တိုင်ကြီးတွေကို ပြုပြင်မွမ်းမံမှုအပြီး ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီ ၁၅ ရက် မီးလောင်မှုကတည်းက ပိတ်ထားခဲ့တဲ့ တာဝါတိုင်တွေကို ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ခဲ့တာမှာ မျှော်စင်တွေဆီကို ဦးတည်သွားတဲ့ မူလကျောက်လှေကားတွေကို သစ်သားတွေနဲ့ အစားထိုးလိုက်ပါတယ်။
ခေါင်းလောင်းမျှော်စင်အတွင်းမှာ ၁၇ ရာစုက သွန်းလုပ်ခဲ့တဲ့ အလေးချိန် ၁၃ တန်ရှိ ဧမန်နျူရယ် ခေါင်းလောင်းကြီးကိုတော့ သူ့နေရာမှာပဲ ပြန်ချိတ်ဆွဲပေးထားပါတယ်။
ခေါင်းလောင်းကြီးဟာ မီးလောင်မှုမှ လွတ်ကင်းခဲ့ပေမဲ့ သူ့ကို ထောက်ပံ့ပေးထားတဲ့ သစ်သားတန်းတွေ ပျက်စီးသွားခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ခဲ့ရတာပါ။
ပြန်လည်ထူထောင်ရေးရဲ့ နောက်ထပ် အရေးကြီးတဲ့ အပိုင်းကတော့ ကျွန်းသစ်ဘောင် အနုပညာကြောင့် “သစ်တော” လို့ လူသိများတဲ့ ဘုရားကျောင်းရဲ့ နာမည်ကျော် သစ်သားခေါင်မိုးကို ပြန်လည်တည်ဆောက်မှုပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် မီးလောင်မှုအတွင်း ပျက်စီးခဲ့ပြီးနောက် အခုအခါ ဝက်သစ်ချပင်ပေါင်း ၁,၂၀၀ ကျော်ကို အသုံးပြုကာ ပြန်လည်တည်ဆောက်ထားတာမှာ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုရဲ့ တိကျမှု၊ အနုပညာဆန်မှုနဲ့ ခက်ခဲနက်နဲမှုတွေ ထင်ဟပ်နေပါတယ်။
နိုထရာဒမ်း ဘုရားကျောင်းကြီး ပြန်လည်မွေးဖွားလာမှုကို ခံနိုင်ရည်ရှိခြင်းရဲ့ သင်္ကေတ တခုအဖြစ်နဲ့ ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ လေ့လာမှု ဥပမာတခုအဖြစ် သတ်မှတ်ချီးကျူးခဲ့ကြပါတယ်။
Source: Reuters


