
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အရှေ့ဘက်ကင်းသမား စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ ပိုလန် ကောင်းကင်ယံမှာ ကင်းလှည့်ဖို့ ပြင်သစ်ရဲ့ ရာဖှယ်ဂျက်တိုက်လေယာဉ်တွေ တပ်ဖြန့်ချထားတာကို ပြထားတဲ့ ရုပ်သံကို နေတိုးက စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပိုလန်လေပိုင်နက်ထဲကို ရုရှား ဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပရဲ့ အရှေ့ဘက်ခြမ်းကာကွယ်ရေးကို အားကောင်းစေဖို့ အရှေ့ဘက် ကင်းသမား စစ်ဆင်ရေးကို စခဲ့တယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။
နေတိုးအဖွဲ့ဝင် ပိုလန်ရဲ့ နယ်စပ်အနား ယူကရိန်းအနောက်ပိုင်းကို ရုရှားက လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် ပိုလန် လေပိုင်နက် လုံခြုံရေးသေချာစေဖို့ ပိုလန်နဲ့ မဟာမိတ်လေယာဉ်တွေကို စက်တင်ဘာ ၂၀ ရက် အစောပိုင်းမှာ တပ်ဖြန့်ချထားခဲ့တယ်လို့ ပိုလန်စစ်ဌာနချုပ်က ပြောပါတယ်။
ရုရှားစစ်တပ်က ဂျက်လေယာဉ် ၃ စင်းကလည်း နောက်ဆုံးအကြိမ်အဖြစ် နေတိုးအဖွဲ့ဝင် အက်စ်တိုးနီးယား လေပိုင်နက်ကို သောကြာနေ့က ၁၂ မိနစ်ကြာ ချိုးဖောက်ဝင်ရောက်ခဲ့တယ်၊ ဒါဟာ မကြုံစဖူး ပြောင်ပြောင်တင်းတင်း ကျူးကျော်ဝင်ရောက်မှုပဲလို့ အဲ့စ်တိုးနီးယား အစိုးရက ပြောပါတယ်။
ရုရှားရဲ့ လတ်တလော စစ်ရေးလှုပ်ရှားမှုတွေက နေတိုး မဟာမိတ်အဖွဲ့ကို လှုပ်ခတ်သွားခဲ့ပါတယ်။ F-16 တိုက်လေယာဉ် ၂ စင်းနဲ့ ဒိန်းမတ်နိုင်ငံက ဖရီးဂိတ်စစ်သင်္ဘောတစင်း၊ ပြင်သစ်က ရာဖှယ် တိုက်လေယာဉ် ၃ စင်းနဲ့ ဂျာမနီက ယူရိုတိုက်လေယာဉ် ၄ စင်းတို့ စစ်ဆင်ရေးမှာ ပါဝင်နေတယ်လို့ နေတိုးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Source: Reuters


