
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးမှာရှိတဲ့ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၆ ရက်က တိုက်ခိုက်ဖို့သွားရောက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားလို့ သေနတ်မဖောက်ရဘဲ သိမ်းနိုင်ခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (UGF) က စက်တင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
UGF ပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်းမြို့အဝင် ဝါးချက်ရွာတောင်ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ဖို့သွားခဲ့ပေမဲ့ အဲ့ဒီမှာထိုင်နေတဲ့ကောင်တွေ ကားနဲ့ ထွက်ပြေးသွားကြလို့ သေနတ်တချက်မှမပစ်ရဘဲနဲ့ အဲ့ဒိဂိတ်ကို သိမ်းနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။
UGF ရဲဘော်တွေဟာ အဆိုပါဂိတ်ကို ရှင်းလင်းရေးဆောင်ရွက်ပြီး ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (UGF) ရဲ့ တာဝန်ရှိသူက “အဲ့ဒိဂိတ်မှာထိုင်တာက စစ်သား ၁၅ ယောက်လောက်ရှိတယ်။ ကျနော်တို့ဘက်က တိုက်ခိုက်ဖို့ လာတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သတင်းရတာလည်းမသိဘူး။ တယောက်မကျန် ထွက်ပြေးသွားနှင့်တာနဲ့ ရှင်းလင်းရေးလုပ်ပြီး ပြန်ဆုတ်လာတော့မှသူတို့ဘက်က စစ်ကိုင်းမြို့ပေါ်ကနေ အင်အားတွေထပ်ဖြည့်ပြီး အဲ့ဒိဂိတ်ကိုပြန်လာတာ။ အဲ့ဒိမှာရှက်ရမ်းရမ်းပြီး ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ပြည်သူ ၂ ယောက် ဒဏ်ရာရသွားကြတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါးချက်ကျေးရွာက အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ယောက်နဲ့ ပယ်ငါးဆယ်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသား တယောက် တို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့လို့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းကကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်တာတွေအပြင် စစ်ကြောင်းထိုးဝင်ရောက်နေလို့ ပြည်သူတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဇူလိုင် ၅ ရက် ညနေပိုင်းကလည်း အဆိုပါစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။