
ချဲလ်ဆီးအသင်းဟာ အဓိကကစားသမား ကိုးလ်ပါလ်မာ အပါအဝင် ကစားသမား ၁၀ ယောက်လောက်အထိ ဒဏ်ရာပြဿနာရှိနေပါတယ်။
ပါလ်မာဟာ ဒဏ်ရာကနေပြန်လည်ကောင်းမွန်လာပြီးနောက် ၂ ပွဲ ဆက်တိုက် ကစားခဲ့ပေမဲ့ ပေါင်ခြံဒဏ်ရာ ထပ်ရခဲ့တာကြောင့် အခုတပတ်ကစားမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်အပါအဝင် ပွဲစဉ် ၃ ပွဲလောက်လွဲချော်မှာပါ။
နည်းပြမာရက်စ်ကာ ကလည်း အသင်းရဲ့ ဒဏ်ရာပြဿနာတွေအပေါ် အတည်ပြုခဲ့ပြီး ဗဟိုခံစစ်ပိုင်းမှာလည်း ကြံ့ခိုင်မှုပြည့်ဝတဲ့ နောက်ခံလူတယောက်ပဲရှိကြောင်း ပြောပါတယ်။
ချဲလ်ဆီးဗဟိုခံစစ်ပိုင်းမှာ အက်ဒါရာဘီယိုရိုနဲ့ ဖိုဖာနာတို့က ဒဏ်ရာကြောင့် ပါဝင်ဖို့မရှိသလို ကိုးဝဲလ်နဲ့ အစ်ဆူဂိုတို့ဟာလည်း ဆက်လက်အနားယူရမှာဖြစ်ပြီး ချာလိုဘတ်တယောက်သာ ကြံ့ခိုင်မှုပြည့်၀တဲ့ အခြေအနေမှာရှိနေတာပါ။
အခြေအနေအရ လူစာရင်းကနေဖယ်ရှားထားတဲ့ ဗဟိုနောက်ခံလူ ဘတ်ဒီယာရှဲလ်ကို ပြန်လည်ခေါ်ယူဖို့လည်းရှိပါတယ်။
ဒါ့အပြင် ပါလ်မာရဲ့နေရာမှာကစားနိုင်တဲ့ ဘိုနမ်နော့တီဟာလည်း မိခင်ကလပ်နဲ့ပွဲမှာ ကစားခွင့်မရှိလို့ လွဲချော်မှာဖြစ်သလို တိုက်စစ်မှူး လီယမ်ဒလတ်ဖ်လည်း ဆက်လက်အနားယူသွားရမှာဖြစ်ပါတယ်။