မကွေးတိုင်းအတွင်းမှာ အခုရက်ပိုင်း မိုးသည်းသည်းထန်ထန်ရွာသွန်းတာကြောင့် ဆောမြို့နဲ့ ကျောက်ထုမြို့ကိုဆက်သွယ်ထားတဲ့ ကတ္တရာလမ်းပိုင်းဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းမှာ မြေပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆောမြို့နယ် ပအဖ တာဝန်ရှိသူ ကိုနိုဘယ် က “ဆောနဲ့ ကျောက်ထုကြားက ကတ္တရာကားလမ်းပေါ်မှာရှိတဲ့ ဒေသအခေါ် သံပေါင်တံတားနဲ့ လယ်ကြီးအိုင်ရွာကြားမှာ ပေ ၁၅၀ လောက် မြေပြိုကျပျက်စီးသွားခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြေပြိုကျတာကြောင့် ကတ္တရာလမ်းဟာ ပိန်းချောင်းဘက်ပြိုဆင်းသွားခဲ့သလို သစ်ပင်တွေလည်း လဲကျပိတ်ဆို့ခဲ့ပြီး ပြည်သူတွေခရီးသွားလာရေး အခက်အခဲဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပျက်စီးသွားတဲ့လမ်းပိုင်းကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံပြည်သူတွေ ဝိုင်းဝန်းပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “ပြည်သူတွေပဲစုပေါင်းပြီးတော့ ၂၆ ရက်နေ့ မနက်ပိုင်းမှာစတင်ပြင်ဆင်ပြီး ညနေပိုင်းမှာတော့ လမ်းပြန်ပွင့်သွားပါပြီ။ ဒါပေမယ့်လည်း ကားကြီးတွေကိုတော့ ဖြတ်သန်းခွင့် ပေးမထားသေးပါဘူး။ ကျန်တဲ့ရှင်းလင်းတွေနဲ့ ရေရှည်ခံနိုင်ရေးတွေအတွက် ဆက်လက် ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဆိုင်ကယ်နဲ့ ကားငယ်လေးတွေကိုလည်း အချိန်အကန့်အသတ်နဲ့ သတ်မှတ်ဖြတ်သန်းစေဖို့ စီစဉ်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
ဖိလစ်ဖိုင်နိုင်ငံပင်လယ်ပြင်မှာ ရွေ့လျားတိုက်ခတ်နေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး ဂန့်ဂေါမြို့နယ်ထဲက မြစ်သာမြစ်ရေဟာလည်း ကမ်းလုံးပြည့်လျှံတက်နေတဲ့အတွက် မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ ရေကြီးရေလျှံမယ့်အခြေအနေကို ကြိုတင်သတိပြု နေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။