Home
နိုင်ငံတကာ
တောင်ကိုရီးယားနိုင်ငံပိုင် ဒေတာစင်တာမီးလောင်ပြီး ဝန်ဆောင်မှုများထိခိုက်  
DVB
·
September 27, 2025
Photo :Reuters

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားဒေတာအချက်အလက်စင်တာမှာ အကြီးစားမီးလောင်မှု ဖြစ်ပွားခဲ့လို့ အစိုးရအွန်လိုင်းဝန်ဆောင်မှုတချို့နဲ့ ဌာနတွင်းကွန်ရက်တွေ ပျက်စီးသွားပါတယ်။  

ပျက်စီးသွားတဲ့ ကွန်ရက်စနစ်ပြင်ဆင်ဖို့နဲ့ အွန်လိုင်းကို ပြန်လည်ရရှိစေဖို့ အစိုးရက စက်တင်ဘာ ၂၇ ရက်မှာ အပူတပြင်း လုပ်ဆောင်နေပြီး လီသီယမ်အိုင်းယွန်းဘက်ထရီကနေ မီးလောင်မှု စတင်ဖြစ်ပွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပါတယ်။

ဆိုးလ်မြို့တော်ကနေ ကီလိုမီတာ ၁၄၀ (မိုင်၉၀) လောက်အကွာရှိ ဒဲဂျွန်းမြို့ရှိ အမျိုးသားဒေတာ အချက်အလက်စင်တာမှာ စက်တင်ဘာ ၂၆ ရက်က ပြုပြင်ထိန်းသိမ်းရေး လုပ်နေချိန်အတွင်း တောင်ကိုရီးယား LG Energy Solution ကထုတ်လုပ်တဲ့ ဘက်ထရီကနေ ပေါက်ကွဲမှုဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သံသယရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ပြီးနောက်မှာ ဆာဗာတချို့ ထိခိုက်ပျက်စီးသွားပြီး စနေနေ့မှာ တချို့အစိုးရ၀န်ကြီးဌာနတွေ၊ မိုဘိုင်းလ်သက်သေခံစနစ်၊ စာတိုက်ဝန်ဆောင်မှုနဲ့ အစိုးရတရားဝင်ဒေတာဘေ့စ်တွေမှာ အဆင်မပြေ ဖြစ်နေဆဲဖြစ်ပြီး ရာနဲ့ချီတဲ့ တခြားဆာဗာတွေလည်း ပိတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သူတို့က ပြောပါတယ်။

ဝန်ကြီးချုပ် ဂင်မ်မင်ဆော့ခ်ကတော့ ဝန်ဆောင်မှုတွေ အနှောင့်အယှက် ဖြစ်သွားရတာကြောင့် အများပြည်သူရဲ့ နေ့စဉ်ဘဝလုပ်ဆောင်မှုတွေမှာ အဆင်မပြေ ဖြစ်သွားခဲ့ရတာတွေကို စနေနေ့မှာ တောင်းပန်ခဲ့ပြီး ဝန်ဆောင်မှုတွေ ပြန်ရရှိအောင် အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမယ် လို့ ပြောပါတယ်။

ဒီအတောအတွင်း မကြာခင်မှာ အခွန်ပေးဆောင်ရတော့မယ့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း ရွှေ့ဆိုင်းပေးမယ်လို့လည်း ဆိုပါတယ်။ 

နိုင်ငံရဲ့အရေးကြီးတဲ့ အိုင်တီစနစ်တွေကို တနေရာတည်းမှာ စုစည်းထားတဲ့ လုပ်ငန်းရဲ့ သဘောသဘာဝကြောင့် မီးကိုထိန်းချုပ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်လို့ ကင်မ်က ရုပ်မြင်သံကြားမှ ထုတ်လွှင့်တဲ့ အရေးပေါ် အစည်းအဝေးမှာ ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု ပမာဏကို တိတိကျကျ အကဲဖြတ်ပြီး ပြန်လည်ထူထောင်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတွေအတွက် ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်တွေကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဆယ်ဂျုံးနဲ့ ဒဲဂျွန်းမှာရှိတဲ့ အစိုးရဝန်ကြီးဌာနတွေရဲ့ ဌာနတွင်းကွန်ရက်တွေ ပြတ်တောက်သွားခဲ့ပြီး လက်ရှိမှာတော့ ဝန်ကြီးဌာန တခုချင်းစီရဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက်ကြည့်ရှုမှုကလည်း ချောချောမွေ့မွေ့ မလည်ပတ်နိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။

တချို့ဝန်ကြီးဌာနတွေမှာ အီးမေးလ်ကို အသုံးမပြုနိုင်သေးဘူးလို့ သတင်းထောက်တွေဆီကို အသိပေးထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013