
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နျူကလီးယား ဒိုင်းနဲ့ဓားလို့ တင်စားလိုက်တဲ့ နျူကလီးယားလက်နက်ကာကွယ်မှုနဲ့ တိုက်ခိုက်ရေးစွမ်းအားကို အဆင့်မြှင့်တင်ဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်ကို အားကောင်းစေအောင် ရနိုင်သမျှ အရင်းအမြစ်တွေအားလုံးကို သုံးစွဲဖို့ အမိန့်ထုတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပါတယ်။
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၂၆ ရက်က နျူကလီယာလက်နက် သုတေသနအင်စတီကျုရဲ့ အကြီးတန်းအရာရှိတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒါဟာ သူ့ရဲ့နျူကလီးယား တုံ့ပြန်မှုပုံစံကို ပိုမိုတိုးတက်စေဖို့နိုင်ငံရဲ့ "မရှိမဖြစ် ထိပ်တန်းဦးစားပေး" အဖြစ် ဖော်ပြခဲ့တယ်လို့လည်း KCNA သတင်းဌာနက ပြောပါတယ်။
“ကျွန်ုပ်တို့ဟာ နျူကလီးယား ဒိုင်းလွှားနဲ့ ဓားလက်နက်တွေ ထက်မြက်နေအောင် တစိုက်မတ်မတ် သွေးနေရမှာဖြစ်ပြီး အဲဒါမှသာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေအပြင် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ယုံကြည်စိတ်ချစွာ အာမခံနိုင်မယ်လို့ ရဲဘော် ကင်မ်ဂျုံအန်းက ပြောကြားသွားတယ်”လို့ KCNA မှာ ဖတ်ကြားသွားပါတယ်။
မြောက်ကိုရီးယားဟာ လျှို့ဝှက်ယူရေနီယံသန့်စင်မှု အပါအဝင် နျူလက်နက်တွေကို ဆယ်စုနှစ်များစွာ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး နှစ်စဉ် နျူကလီယားထိပ်ဖူး ၂၀ အထိ ထုတ်လုပ်နိုင်နေပြီလို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ပြောထားပါတယ်။
Source: Reuters




