
အီရန်နိုင်ငံရဲ့ နျူကလီးယားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို နိုင်ငံရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက စက်တင်ဘာ ၂၃ ရက်က ပယ်ချလိုက်ပြီး “အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေဟာ တီဟီရန်ရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမှာ မဟုတ်ကြောင်းနဲ့ အကျိုးမရှိတဲ့ အဆုံးသတ် ဆိုတာကို သက်သေပြပါလိမ့်မယ်” လို့ ပြောပါတယ်။
အီရန် အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက “လက်ရှိအခြေအနေမှာ အမေရိကန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေးဟာ တိုင်းပြည်ကို ကြီးကြီးမားမား ထိခိုက်နစ်နာစေပြီး တချို့ကိစ္စတွေမှာ ပြန်ပြုပြင်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်။ နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းတာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘဲ လုံးဝကို အဆုံးသတ်ပါပဲ” လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
တဖက်မှာလည်း ညှိနှိုင်းရေးမလုပ်ရင် ဗုံးကြဲတာနဲ့ အလားတူကိစ္စတွေ ရှိသွားနိုင်တယ်ဆိုပြီး ခြိမ်းခြောက်နေကြောင်း၊ ဒါက ခြိမ်းခြောက်မှုဖြစ်လို့ စေ့စပ်ညှိနှိုင်းရေးကို လက်ခံလိုက်တယ်ဆိုရင် အစ္စလာမ္မစ် အီရန်က သူတို့ကို ကြောက်လန့်ပြီး တောင်းဆိုသမျှ လက်ခံပေးလိုက်ရတဲ့ အခြိမ်းခြောက်ခံ အားနည်းချက်တခု ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံဟာ ယူရေနီယံသန့်စင်ရေးနဲ့ ပတ်သက်ပြီး ဖိအားပေးခံရမှာကြောက်ပြီး လက်မြှောက်မှာ မဟုတ်ဘူးကြောင်း၊ အီရန်ဟာ ယူရေနီယံသန့်စင်ရေးနဲ့ ပတ်သက်ပြီး မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။
နျူကလီယားလက်နက် တီထွင်လိုတဲ့နိုင်ငံတွေဟာ ယူရေနီယမ်မှာ အိုက်ဆိုတုပ်ပါဝင်မှုအချိုးကို ၉၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြတာဖြစ်ပြီး တီဟီရန်ကတော့ နျူလက်နက်တွေ မလိုအပ်သလို ထုတ်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိတာကြောင့် ၆၀ ရာခိုင်နှုန်းအထိပဲ ထားရှိကြောင်း ခါမေနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံဟာ နျူလက်နက်ပိုင်ဆိုင်ခွင့် ဘယ်တော့မှ မရနိုင်ဘူးလို့ စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ် က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်တာကို ရှောင်လွှဲဖို့ နောက်ဆုံးကြိုးစားတဲ့ သဘောတူညီချက်ရဖို့ အစည်းအဝေးအပြီးမှာ အီရန်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေဟာ တီဟီရန်ရဲ့ အငြင်းပွားစရာ နျူကလီးယားအစီအစဉ်ကို ဆက်ဆွေးနွေးဖို့ သဘောတူညီထားချိန်မှာ ခါမေနီရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။