
ကျွမ်းကျင်လုပ်သားတွေ အမေရိကန်မှာအလုပ်လုပ်ခွင့်ရှိတဲ့ H-1B ဗီဇာအတွက် ဒေါ်လာ ၁၀၀,၀၀၀ သတ်မှတ်မှုအသစ်ဟာ လက်ရှိ ဗီဇာကိုင်ဆောင်ထားသူတွေ အတွက် မဟုတ်ဘဲ ဗီဇာအသစ် လျှောက်မယ့်သူတွေအတွက်သာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ကြေညာပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ ကယ်ရိုလိုင်းလဲဗစ်က “ဒေါ်လာ ၁၀၀,၀၀၀ သတ်မှတ်တာက နှစ်စဉ်ကြေးမဟုတ်ပါဘူး။ တကြိမ်တည်းသာ ပေးသွင်းရမှာပါ။ လက်ရှိ ဗီဇာကိုင်ဆောင်ထားသူတွေအတွက် မဟုတ်သလို ပြည်ပရောက်နေတဲ့ ဗီဇာကိုင်ဆောင်ထားသူတွေ နိုင်ငံအတွင်းကို ပြန်လာရင်လည်း ပေးချေရမှာ မဟုတ်ပါဘူး။ ဒီသတ်မှတ်ချက်ဟာ ဗီဇာအသစ်သမားတွေ အတွက်ဖြစ်ပြီး အသစ်ပြန်လုပ်တဲ့သူတွေနဲ့ လက်ရှိ ဗီဇာရထားသူတွေအတွက် မဟုတ်ပါဘူး” လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။
ပြည်ပက ကျွမ်းကျင်လုပ်သားတွေအပေါ် ဗီဇာကြေး တိုးမြှင့်သတ်မှတ်တာဟာ အမေရိကန်မှာရှိတဲ့ လုပ်သားတွေဟာ လုပ်ခနည်းတဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ အစားထိုးခံနေရတယ်လို့ အိမ်ဖြူတော်က ပြောထားပြီး မျှတအောင် ပြုလုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်က H-1B ဗီဇာကြေး တိုးမြှင့်သတ်မှတ်မှုဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ အိန္ဒိယအစိုးရက သတိပေး ပြောကြားထားပါတယ်။
အမေရိကန်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရှိတဲ့ H-1B ဗီဇာဟာ နိုင်ငံခြားမှာရှိတဲ့ ကျွမ်းကျင်လုပ်သားတွေ အတွက် ထုတ်ပေးတာဖြစ်ပြီး အိန္ဒိယနိုင်ငံက အများဆုံးရရှိထားတာ ဖြစ်ပါတယ်။
H-1B ဗီဇာထုတ်ပေးမှုမှာ အိန္ဒိယနိုင်ငံက ၇၀ ရာခိုင်နှုန်းကျော် ရရှိထားတာဖြစ်တာကြောင့် အိန္ဒိယ ကျွမ်းကျင်လုပ်သားတွေကို အရင်ကလို အလွယ်တကူခေါ် ယူဖို့ ခက်ခဲနိုင်ပါတယ်။
သတ်မှတ်ခဲ့တဲ့ ဗီဇာကြေးဟာ လက်ရှိကောက်ခံတဲ့ ဗီဇာကြေးထက် အဆ ၆၀ ကျော် ရှိတာကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ နိုင်ငံခြား ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူမယ်ဆိုရင် ငွေကြေးကုန်ကျမှု ပိုများမှာ ဖြစ်ပါတယ်။
ဗီဇာကြေး တိုးမြှင့်သတ်မှတ်မှုဟာ စက်တင်ဘာ ၂၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ရုရှားဆီကနေ ရေနံဝယ်ယူနေတဲ့အတွက် အမေရိကန်က အခွန်နှုန်း တိုးမြှင့် သတ်မှတ်မှုကို ပြီးခဲ့တဲ့လက လုပ်ဆောင်ခဲ့ပြီးနောက် ဗီဇာကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ H-1B ဗီဇာ ရရှိသူ ၄၀၀,၀၀၀ နီးပါးရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ Amazon ကုမ္ပဏီက အလုပ်သမားဦးရေ ၁၀,၀၄၄ နဲ့ ဗီဇာရရှိမှု အများဆုံးကုမ္ပဏီ ဖြစ်ပါတယ်။
ဒုတိယအများဆုံး ကုမ္ပဏီက အိန္ဒိယ နည်းပညာကုမ္ပဏီ Tata ဖြစ်ပြီး အလုပ်သမားဦးရေ ၅,၅၀၅ ယောက် ရှိခဲ့ပါတယ်။
Source: Reuters