Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမေရိကန် ၆ ကြိမ်မြောက် ပယ်ချ
DVB
·
September 19, 2025
Photo: UNTV

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အရေးတကြီး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၄ နိုင်ငံရဲ့ ထောက်ခံမှုကို ရခဲ့ပေမဲ့လည်း အမေရိကန် တနိုင်ငံတည်းသာ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာ အစ္စရေးဘက်က ဂါဇာစီးတီးမြို့ပေါ် ထိုးစစ်ဆင်နေမှုကို ချဲ့ထွင်လာတဲ့အလျောက် “အပြီးတိုင်၊ ခြွင်းချက်မရှိ၊ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့” အတွက်ပါ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဟားမတ်စ်နဲ့အတူ တခြားအဖွဲ့တွေကပါ ဖမ်းဆီးထားခဲ့တဲ့ ဓားစာခံအားလုံး ပြန်လွှတ်ပေးရေးနဲ့ ဂါဇာအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပေးရေး စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အများခန့်မှန်းထားသလို ဖြစ်လာခဲ့တာကြောင့် “အမေရိကန်က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူး” ဆိုပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်အထူးသံတမန် မော်ဂန် အော်တေးဂတ်စ် (Morgan Ortagus) က မှတ်ချက်ပေးပါတယ်။

အဲဒီနောက် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒန်နွန် (Danny Danon) က ဂါဇာစစ်ပွဲအတွက် “ခိုင်လုံတဲ့ အကြောင်းပြချက်” မလိုအပ်သလို ဗီတိုအာဏာကျင့်သုံးခဲ့တဲ့ အော်တေးဂတ်စ် ကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

၂ နှစ်နီးပါးကြာ ဂါဇာစစ်ပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ “ကပ်ဘေးအဆင့်” ရောက်နေပြီဖြစ်ကြောင်း သံတမန်တွေက သတိပေးထားပါတယ်။

အယ်လ်ဂျီးရီးယား ကိုယ်စားပြု သံအမတ် အာမာ ဘန်ဂျာမာ (Amar Bendjama) ကတော့ “ပါလက်စတိုင်း ညီအစ်ကိုမောင်နှမတွေ ကျနော်တို့ကို ခွင့်လွှတ်ပါ၊ ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်မှာ အခွင့်အရေးတွေအကြောင်း ပြောနေကြပေမဲ့လည်း ပါလက်စတိုင်းတွေကျတော့ ပစ်ပယ်ခံထားရပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဂါဇာစစ်ပွဲကြောင့် ကလေးငယ် ၁၈,၀၀၀ ကျော်နဲ့ အမျိုးသမီး ၁၂,၀၀၀ ကျော် အပါအဝင် ဆရာဝန် သူနာပြု ဦးရေ ၁,၄၀၀ နဲ့အထက်၊ သတင်းထောက် စုစုပေါင်း ၂၅၀ ကျော်အထိ သေဆုံးခဲ့ရတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ပါလက်စတိုင်းကိုယ်စားပြု သံအမတ်ကြီး ရီယာ့ဒ် မန်ဆွာ (Riyad Mansour) ကတော့ “ကံမကောင်းစွာနဲ့ဘဲ ကောင်စီဟာ ယုံကြည်ကိုးစားရမှုနဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အကြီးအကျယ် ဆုံးရှုံးနေပေမဲ့လည်း နှုတ်ဆိတ်နေရဆဲ ဖြစ်ပါတယ်” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013