Home
နိုင်ငံတကာ
အမေရိကန်က ဂျပန်ကို တာလတ်ပစ်ဒုံးကျည်စနစ် ပေးပို့
DVB
·
September 16, 2025
Photo: Reuters

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ တိုင်ဖွန်း တာလတ်ပစ် ဒုံးကျည်စနစ်ကို စက်တင်ဘာ ၁၅ ရက်မှာ ဂျပန်နိုင်ငံဆီ ပထမဆုံးအကြိမ် ဖြန့်ချိခဲ့ပါတယ်။

မတည်ငြိမ်အောင်လုပ်တယ်လို့ တရုတ်ပြည်မကြီးအစိုးရက ရှုတ်ချထားတဲ့ အမေရိကန်အစိုးရနဲ့ ဂျပန်အစိုးရတို့ရဲ့ သဘောထားကို မီးမောင်းထိုးပြခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ဒါမှမဟုတ် ရုရှားနိုင်ငံထဲက အစိတ်အပိုင်းတွေကို တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကွာအဝေးအတွက် တိုမာဟော့ ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် ဒုံးကျည်ပစ်လွှတ်စင်တွေဟာ နှစ်စဉ်ကျင်းပနေကျ Resolute Dragon စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေပါတယ်။

နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ပါဝင်ပြီး စစ်သင်္ဘောတွေနဲ့ ဒုံးကျည်တပ်ရင်းတွေ ပါဝင်ပါတယ်။

စနစ်မျိုးစုံနဲ့ ခဲယမ်းအမျိုးအစားအမျိုးမျိုးကို အသုံးချတာဟာ ရန်သူအတွက် အကျပ်ရိုက်စေနိုင်ပါတယ်လို့ အိဝါ့ခုနိမြို့မှာရှိတဲ့ မရိမ်းတပ် လေတပ်အခြေစိုက်စခန်းက ဒုံးကျည်ပစ်လွှတ်စင်ရဲ့ ရှေ့မှာ ဒုံးပျံစနစ်ရဲ့ တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဝါဒေ ဂါမန်က ပြောပါတယ်။

“တပ်ဖြန့်နိုင်တဲ့ အရှိန်နှုန်းက လိုအပ်လာတဲ့အခါ မြန်မြန်ဆန်ဆန် နေရာချထားနိုင်စေတယ်” လို့လည်း သူက ပြောပါတယ်။

တိုင်ဖွန်းဒုံးကျည်စနစ်ဟာ ဂျပန်အနောက်ပိုင်းကို ရောက်ပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာ ဖိလစ်ပိုင် နိုင်ငံမှာလည်း ဖြန့်ကြက်ခဲ့တာပါ။

ဒီလုပ်ရပ်ဟာ လက်နက်ပြိုင်ဆိုင်မှုကို လှုံ့ဆော်တာလို့ အမေရိကန်ကို တရုတ်ပြည်မကြီး အစိုးရနဲ့ ရုရှားအစိုးရတို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အခုနှစ်အတွင်း သြစတြေးလျမှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်ခဲ့ပေမဲ့ တရုတ်နိုင်ငံနဲ့ ပိုနီးကပ်တဲ့ ဂျပန်ကို ရောက်လာတာဟာ ပိုပြင်းထန်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

အိဝါ့ခုနိမြို့ဟာ တရုတ်ရဲ့ ပင်လယ်နဲ့ လေကြောင်းစွမ်းအားကို လွှမ်းမိုးပြီး စစ်ရေးအစီအမံကို ရှုပ်ထွေးစေတဲ့ ဂျပန်ကနေ ဖိလစ်ပိုင်တလျှောက် နယ်မြေတွေနဲ့ အခြေစိုက်စခန်းတွေ ဖြန့်ကြက်ထားတဲ့ ‘ပထမကျွန်းကွင်းဆက်’ ရဲ့ အစိတ်အပိုင်းအဖြစ် အမေရိကန်က ရည်ညွှန်းဖော်ပြထားပါတယ်။

တိုင်ဖွန်းဒုံးကျည်စနစ်ဟာ ၁၂၅ မိုင်အကွာက လေယာဉ်တွေနဲ့ သင်္ဘောတွေကို ပစ်ခတ်ဖို့ ပုံစံထုတ်ထားတဲ့ SM-6 မစ်ဇိုင်းဒုံးကျည်တွေကိုလည်း ပစ်ခတ်နိုင်ပါတယ်။

တရုတ်ရဲ့ ဒုံးကျည်လက်နက်တိုက်က အရွယ်အစား ကြီးထွားလာနေလို့ တုံ့ပြန်ဖို့ အမေရိကန်က အာရှတလွှားမှာ သင်္ဘောဖျက်လက်နက်တွေကို အများအပြား နေရာချထားဖို့ ကြိုးစားနေပါတယ်။

Resolute Dragon စစ်ရေးလေ့ကျင့်မှုအပြီးမှာ တိုင်ဖွန်း ဒုံးကျည်စနစ်ဟာ ဂျပန်နိုင်ငံကနေ ပြန်ထွက်သွားမှာပါလို့ ဂါမန်းက ပြောပေမဲ့ ဘယ်ကိုဆက်သွားမယ် ဒါမှမဟုတ် ဂျပန်ကို ဘယ်​တော့ ပြန်လာ တပ်ချမယ် ဆိုတာကို ပြောဖို့ကိုတော့ သူက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024