
အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ တာဝန်ကျရာနယ်မြေမှာ မူးယစ်ဆေးတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘော တစင်းကို တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းမှာ နောက်ဆုံး အမေရိကန်ရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ကရစ်ဘီယံတောင်ပိုင်းမှာ အမေရိကန်စစ်တပ်ကို အကြီးစား တိုးချဲ့နေချိန်မှာ မူးယစ်ဆေးသင်္ဘော တွေကို တိုက်ခိုက်နေတာ အနည်းဆုံး ၃ ကြိမ်မြောက် ရှိပြီဖြစ်တဲ့ အခုနောက်ဆုံး တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။
ထရမ့်ပ်အစိုးရအဖွဲ့က ကိုယ်ပျောက်လေယာဉ် ၁၀ စင်းကို ဒီတည်ဆောက်မှုမှာ ပါဝင်ဖို့ အမိန့်ပေးခဲ့ ပြီးနောက် စက်တင်ဘာ ၁၃ ရက်မှာ F-35 လေယာဉ် ၅ စင်း ပွာတိုရီကိုမှာ ဆင်းသက်လာတာကို မြင်တွေ့ရပါတယ်။
Truth လူမှုကွန်ရက်မှာ တင်ထားတဲ့ပို့စ် တခုမှာတော့ ပင်တဂွန်က သူ့ရဲ့အမိန့်အရ တိုက်ခိုက်ခဲ့ပြီး သင်္ဘောပေါ်ရှိ မူးယစ်ဆေးဝါး အကြမ်းဖက်သမား အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“အဲဒီသင်္ဘောဟာ တရားမဝင် မူးယစ်ဆေးဝါးတွေကို မှောင်ခိုကူးနေကြောင်း ထောက်လှမ်းရေးက အတည်ပြုခဲ့ပြီး အမေရိကန်နိုင်ငံသားတွေကို အဆိပ်သင့်စေမယ့် မူးယစ်မှောင်ခို လမ်းကြောင်း တလျှောက် ဖြတ်သန်းသွားလာနေကြောင်း အတည်ပြုခဲ့တယ်။”
အချိန် ၁ မိနစ်ကြာလောက်ရှိတဲ့ ဗီဒီယိုတခုနဲ့ တင်ထားတဲ့ အဲဒီပို့စ်မှာ ဒီသင်္ဘောဟာ ဘယ်နေရာမှ ထွက်ခွာလာတယ်၊ ဘယ်နေရာမှာ တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ ထရမ့်ပ်က မဖော်ပြခဲ့ ပါဘူး။
အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ဟာ အမေရိကရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းနဲ့ ကရစ်ဘီယံတို့မှတဆင့် နိုင်ငံပေါင်း ၃၁ နိုင်ငံကို လွှမ်းခြုံထားတဲ့ အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေး ကွပ်ကဲမှုဌာန ဖြစ်ပါတယ်။
F-35 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်တွေအပြင် ဒေသတွင်းမှာ အနည်းဆုံး အမေရိကန် စစ်သင်္ဘော ၇ စင်းလည်း ရှိပြီး နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစင်းလည်း ပါဝင်ပါတယ်။
Source:Reuters