
အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အဆိုမူကြမ်းကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက လက်ခံနိုင်တဲ့အထိ မဲမရခဲ့ဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ အီရန်နဲ့ ဥရောပထိပ်တန်းနိုင်ငံကြီးတွေဟာ ပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးစားခွင့် ၈ ရက်ကျန်ရှိနေပါသေးတယ်။
အဖွဲ့ဝင် နိုင်ငံ ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အီရန်ကို အရေးယူပိတ်ဆို့ထားမှုတွေကို ပယ်ဖျက်ပေးဖို့ မဲကောက်ခံခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အီရန်ကတော့ ဒီလို စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
သောကြာနေ့က မဲခွဲဆုံးအဖြတ်မှာ ရုရှား၊ တရုတ်၊ ပါကစ္စတန်နဲ့ အယ်ဂျီးရီးယားတို့က အီရန်ကို ထောက်ခံခဲ့ကြပြီး ကျန်အဖွဲ့ဝင် ၉ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့ကာ ၂ နိုင်ငံကတော့ ကြားနေခဲ့ပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ အီရန်ရဲ့ နျူကလီးယားအရေးကြောင့် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်မဲ့ ကိစ္စကို နောက်ထပ် ၆ လ တိုးမြှင့်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။
ဒီလိုလုပ်မယ် ဆိုရင်လည်း အီရန်က ယူရေနီယံ သန့်စင်မှုတွေ စိုးရိမ်နေမှုကို စစ်ဆေးဖို့ ကုလရဲ့ နျူကလီးယားစစ်ဆေးရေးကို ခွင့်ပြုပေးဖို့ ပါဝင်ပါတယ်။
အမေရိကန်နဲ့လည်း ဆွေးနွေမှုတွေ ပြုလုပ်ရမယ့်အချက်တွေပါဝင်ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးက လာမယ့်အပတ်မှာ ဥရောပခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂအစည်းအဝေး ပြင်ပတွေ့ဆုံမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၇ ရက်အထိ သက်တမ်းတိုးဖို့ သဘောတူညီချက်မရဘူးဆိုရင် ကုလသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူးမှုတွေ ပြန်လည်စတင်မှာဖြစ်ပါတယ်။
အီရန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ဟာ အီရန်အပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လုပ်မဲ့ ဥရောပနိုင်ငံတွေရဲ့ ကြိုးစားမှုကို ပယ်ချထားပါတယ်။
Source: Reuters