Home
နိုင်ငံတကာ
IAEA နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်ရန် အီရန် သဘောတူ
DVB
·
September 10, 2025
Photo :Reuters

အီရန်နဲ့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု ပြန်စဖို့ သဘောတူခဲ့တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက စက်တင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ချမှတ်မယ်ဆိုရင် သဘောတူညီချက်မှာပါတဲ့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားလိမ့်မယ်လို့လည်း သူက သတိပေး ပြောဆိုခဲ့ပါတယ်။

ဇွန်လမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ရဲ့ အဓိက နျူကလီးယားစက်ရုံတွေကို ဗုံးကြဲပြီးတဲ့နောက်  နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဟာ အဲဒီနေရာတွေကို ဝင်ခွင့်မရခဲ့ပါဘူး။

တိုက်ခိုက်မှုကြောင့် အီရန်က IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းပြီးတဲ့နောက် ဥပဒေတရပ်ကို အတည်ပြုခဲ့ပြီး ဘယ်လိုစစ်ဆေးမှုကိုမဆို အီရန်အမျိုးသားလုံခြုံရေးကောင်စီက အတည်ပြုရမယ်လို့ ပြောခဲ့ပါတယ်။

“အီရန်ရဲ့ နျူကလီးယားစက်ရုံတွေအပေါ် တရားမ၀င် လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် အီရန်ရဲ့ ကာကွယ်မှုဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ဆိုတာကို နားလည်သဘောပေါက်ဖို့ နောက်ဆုံးညှိနှိုင်းဆွေးနွေးခဲ့ပြီး အပြီးသတ် အောင်မြင်ခဲ့ပါတယ်” လို့ အာရတ်ချီက နိုင်ငံပိုင်မီဒီယာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာဖယ် ဂရောက်ဇီက ဒီသဘောတူညီချက်ကို “လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ခြေလှမ်းတရပ်” အဖြစ် X လူမှုကွန်ရက်ပေါ်မှာ စက်တင်ဘာ ၉ ရက်က ရေးသား ဖော်ပြခဲ့ပါတယ်။

ရုပ်သိမ်းလိုက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ချမှတ်ခြင်း အပါအဝင် အီရန်အပေါ် ရန်လိုတဲ့ တုံ့ပြန်မှု တစုံတရာ ပေါ်ပေါက်လာရင် အီရန်က လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ပြီးသွားပြီလို့ သဘောထားမယ့်အကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်လို့ အာရတ်ချီက ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013