
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း စစ္စတန်-ဘာလုချက်စ်တန်ပြည်နယ်ရှိ တရားရုံးတရုံးမှာ ဇူလိုင် ၂၆ ရက်က အာရေဘစ် တရားမျှတရေးတပ်ဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ ဂျိုက်ရှ်အယ်လာဒလ် ဘာလုချ် ဆွန်နီအဖွဲ့မှ လက်နက်ကိုင်တိုက်ခိုက်မှုတခုအတွင်း အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာက ဖော်ပြပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ကြရာမှာ ဓားစာခံ ၃ ယောက်လည်း သေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတယောက်က နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) ကို ပြောပါတယ်။
မနေ့က ၈ နာရီခွဲမှာ ဇီယွန်ဝါဒီတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်အဖွဲ့တဖွဲ့ဟာ စစ္စတန်-ဘာလုချက်စ်တန် ပြည်နယ်ရဲ့ မြို့တော် ဇာဟီဒန်းရှိ တရားရုံးအဆောက်အအုံထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး ကံကောင်းစွာနဲ့ အခင်းဖြစ်ပွားရာနေရာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတိရှိမှုကြောင့် အကြမ်းဖက်သမားတယောက် သေဆုံးသွားခဲ့ကြောင်း စစ္စတန်-ဘာလုချက်စ်တန် လက်ထောက်ရဲမှူး အလီရေဇာဒါလိရိက ပြောပါတယ်။
ကံမကောင်းစွာပဲ၊ အဲဒီလူက ပစ်လိုက်တဲ့ လက်ပစ်ဗုံး ပေါက်ကွဲပြီး တနှစ်သား ကလေးငယ်လေးနဲ့ သူ့မိခင်အပါအဝင် လူတော်များများ အာဇာနည်ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ပဋိပက္ခဖြစ်အပြီးမှာ တခြားဆက်စပ်ပစ္စည်းတွေကို လိုက်ရှာခဲ့ရာမှာ အနီးနားရှိ လမ်းတခုပေါ်မှာ နောက်ထပ်လူ ၂ ယောက် သေဆုံးနေတာကို တွေ့ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ တိုက်ခိုက်သူ ၃ ယောက်လည်း သေဆုံးခဲ့ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ရဲ့ ဒေသဆိုင်ရာ ဌာနချုပ်ကို ကိုးကားပြီး IRNA က ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ရှိနေကြတဲ့ အရေးပေါ် ဝန်ထမ်းတွေဟာ ဒဏ်ရာရသူတွေကို ဘေးလွတ်ရာကို ရွှေ့ပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာဌာနတွေကို ပို့ဆောင်ပေးခဲ့ကြောင်းလည်း ဆိုပါတယ်။
ဂျိုက်ရှ် အယ်လာဒလ် ဘာလုချ် ဆွန်နီအဖွဲ့က သူတို့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ကြေညာထားပြီး အရပ်သားတွေအားလုံးကိုလည်း သူတို့ဘေးကင်းရေးအတွက် တိုက်ပွဲ ဖြစ်ပွားရာနေရာကနေ ချက်ချင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အီရန်နိုင်ငံရှိ ဆွန်နီမွတ်စလင် ဘာလုချ် လူနည်းစုနေထိုင်ရာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ် စပ်အနီးရှိ စစ္စတန်-ဘာလုချက်စ်တန် ပြည်နယ်ဟာ စီးပွားရေးပိုင်း ပစ်ပယ်ခံထားရပြီး နိုင်ငံရေးအရ ချန်လှပ်ထားခြင်းတို့ကို ကာလရှည်ကြာ စောဒကတက်နေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters