Home
နိုင်ငံတကာ
နျူကလီးယားသန့်စင်ရေး အစီအစဉ်ကို လက်လွှတ်မည်မဟုတ်ဟု အီရန်ပြော
DVB
·
July 22, 2025
Photo :Reuters

သိပ်မကြာသေးခင်က အစ္စရေး-အီရန် စစ်ပွဲအတွင်း ဝါရှင်တန်က အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို ဗုံးကြဲခဲ့လို့ ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ရပေမဲ့ တီဟီရန်ဟာ သူ့ရဲ့ နျူကလီးယားသန့်စင်ရေး အစီအစဉ်ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရဂ်ချီက Fox News ကို ပြောသွားပါတယ်။

“ပျက်စီးမှုတွေက ဆိုးဆိုးရွားရွား ပြင်းထန်တာကြောင့် ရပ်တန့်သွားခဲ့ပေမဲ့ အီရန် သိပ္ပံပညာရှင်တွေ ကိုယ်တိုင် တီထွင်နိုင်ခဲ့တဲ့ အောင်မြင်မှုတခု ဖြစ်တာကြောင့် သန့်စင်ရေးအစီအစဉ်ကို လက်လွှတ်မပေးနိုင်ကြောင်းနဲ့ နောက်ပြီး ဒီထက်မက ပြောရရင် ဒီကိစ္စဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်နေတာပါ” လို့ Fox News ရဲ့ တနင်္လာနေ့က ထုတ်လွှင့်တဲ့ “Special Report with Bret Baier” အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီး အက်ဘာ့စ် အာရဂ်ချီက “ကျနော်တို့ရဲ့ နျူကလီးယားအစီအစဉ်၊ သန့်စင်မှုအစီအစဉ်က ပြင်ပကတင်သွင်းထားတာ မဟုတ်လို့ ဗုံးကြဲပြီး ဖျက်ဆီးနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါက ကျနော်တို့ကိုယ်တိုင် ဖန်တီးခဲ့ပြီး ကျနော်တို့ရဲ့ အောင်မြင်မှုပါပဲ။ နည်းပညာက ရှိပြီးသား၊ သိပ္ပံပညာရှင်တွေကလည်း ရှိပြီးသား၊ ဒီစက်ရုံတွေကို လည်ပတ်တဲ့လူတွေကလည်း ရှိပြီးသားပဲ။ အဆောက်အဦတွေ၊ စက်ရုံတွေကို ပြန်ဆောက်လို့ ရတယ်။ နည်းပညာတွေရှိလို့ စက်တွေကိုလည်း အစားထိုးလို့ရတယ်။ မကြာသေးခင်က တိုက်ခိုက်မှုဟာ စစ်ရေးနည်းလမ်းက ရွေးချယ်စရာမဟုတ်ဘူး ဆိုတာကို သက်သေပြခဲ့ပါတယ်” လို့လည်း ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက “သူတို့က နှစ်ဖက်လုံးအကျိုးရှိဖို့ ဖြေရှင်းချင်တယ် ဆိုရင်လည်း ကျနော်က ပါဝင်ဆွေးနွေးဖို့ အဆင်သင့်ပဲ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးရည်ရွယ်ချက်သာဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး ဘယ်လိုနည်းလမ်းကိုမဆို ကျနော်တို့က လုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ။ ထာဝရငြိမ်းချမ်းနေမှာ ဖြစ်ပြီးတော့ အီရန်က နျူကလီးယားလက်နက် လုံးဝထုတ်လုပ်မှာ မဟုတ်ပါဘူး။ အပြန်အလှန်အားဖြင့် သူတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ဂိမ်းဖြစ်ပြီး အဲဒီအတွက်လည်း ပါဝင်ဆွေးနွေးဖို့ ကျနော်တို့က အဆင်သင့်ပါပဲ” လို့ ဆိုပါတယ်။

သူတို့အားလုံးက ဝါဒဖြန့်နေကြတာဖြစ်ပြီး အီရန်ရဲ့ အဓိပတိကြီးနဲ့ တခြား အီရန်အရာရှိတွေက ‘အမေရိကန်ကို အသေသတ်မယ်’ လို့ အမြဲပြောနေကြတာက တကယ်တော့ အမေရိကန်ပြည်ထောင်စုရဲ့ လွှမ်းမိုးချင်တဲ့ နိုင်ငံရေးမူဝါဒတွေကိုသာ ပယ်ချတာဖြစ်ပြီး အမေရိကန်ပြည်သူတွေကို ဆိုလိုတာ မဟုတ်ပါဘူးလို့လည်း  အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရဂ်ချီက Fox News မှာ ပြောကြားသွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013