Home
နိုင်ငံတကာ
အမေရိကန်နှင့် ကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်မည်ဟု အီရန် ယုံကြည်
DVB
·
July 8, 2025
Photo: Reuters

အီရန်နိုင်ငံဟာ တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ခ်ကတဆင့် အမေရိကန်နဲ့ သူ့ရဲ့ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပေမဲ့ သူ့နိုင်ငံကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့တဲ့ နောက်မှာတော့ ယုံကြည်မှုက ပြဿနာဖြစ်လိမ့်မယ်လို့ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံက ပြောကြားခဲ့ကြောင်း ဇူလိုင် ၇ ရက်မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးတခုအရ သိရပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို လမ်းညွှန်ပြသနိုင်တဲ့ အရည်အချင်းနဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်ရှိပြီး အစ္စရေးကိုလည်း သူ့နေရာမှာသူ ထားရှိနိုင်တဲ့ စွမ်းရည်ရှိပေမဲ့ အဲလိုမလုပ်နိုင်ရင်တော့ အဆုံးမရှိတဲ့ နွံတွင်းထဲ ကျသွားလိမ့်မယ်၊ ဒါဆို အမေရိကန်သမ္မတက ဘယ်လမ်းကို ရွေးမှာလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ အီရန်သမ္မတက အမေရိကန် ကွန်ဆာဗေးတစ် နိုင်ငံရေးဝေဖန်သုံးသပ်သူ တပ်ကာ ကားလ်ဆင်နဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။ သူတို့ ဘယ်မှာ အင်တာဗျူးလုပ်ခဲ့တယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကဲရိုလိုင်းန် လဲဗစ်ထ် ကတော့ အီရန်သမ္မတရဲ့ မှတ်ချက်ကို သမ္မတ ထရမ့်ပ် မြင်လား ကြားလား မသေချာပေမဲ့ ထရမ့်ပ်ဟာ ဒေသတွင်းကို ငြိမ်းချမ်းရေးလုပ်ဆောင်ဖို့ အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇွန် ၁၃ ရက်မှာ အစ္စရေးက အီရန်ကို တိုက်ခိုက်မှု စတင်ခဲ့ပြီး အီရန်ထိပ်တန်း တပ်မှူးတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးခဲ့ရတဲ့ အစ္စရေးနဲ့ ၁၂ ရက်ကြာ လေကြောင်းစစ်ပွဲကြောင့် ဆွေးနွေးပွဲတွေ ပျက်ပြားသွားတဲ့အပေါ် အီရန်က အဓိကရန်သူတော်ကြီး အစ္စရေးကို အပြစ်တင်ခဲ့ပါတယ်။

အမေရိကန်ကို ဘယ်လိုပြန်ယုံကြည်လို့ရမှာလဲလို့ အီရန်သမ္မတ ပေဇက်ရှ်ကီယံက ပြောကြားလိုက်ပြီး ဆွေးနွေးပွဲလုပ်နေတုန်း အီရန်ကိုတိုက်ခိုက်ဖို့ အစ္စရေးအစိုးရကို နောက်တကြိမ် ခွင့်မပြုဘူး ဆိုတာကို ဘယ်လိုသေချာသိနိုင်မှာလဲလို့လည်း ဆိုလိုက်ပါတယ်။

အစ္စရေးခေါင်းဆောင် ဘင်ဂျမင် နေတန်ယာဟုဟာ တနင်္လာနေ့က ဝါရှင်တန်ကို ရောက်လာကာ အိမ်ဖြူတော်မှာ ဆွေးနွေးဖို့ရှိနေတာဖြစ်ပြီး အီရန်ခေါင်းဆောင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲထဲကို ဆွဲမထည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးဟာ သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လို့ ပေဇက်ရှ်ကီယံက ပြောဆိုခဲ့ပြီး သူတို့ မအောင်မြင်ခဲ့တာလို့လည်း ဆိုပါတယ်။ သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ ရှိနေတာဟာ အမေရိကန် မဟုတ်ဘူး၊ အစ္စရေးပဲလို့လည်း ဆိုပါတယ်။

အဲဒီနေ့က သူဟာ အစည်းအဝေးတခုမှာ ရှေ့ကိုဆက်သွားရမယ့်နည်းလမ်းတွေကို ဆွေးနွေးနေတုန်း သူတို့သူလျှိုတွေရဲ့ ထောက်လှမ်းရေးအချက်အလက် ကျေးဇူးကြောင့် အစည်းအဝေး ကျင်းပနေတဲ့ နေရာကို ဗုံးကြဲဖို့ ကြိုးစားခဲ့တာလို့လည်း အီရန်သမ္မတက ပြောပါတယ်။

အစ္စရေးကတော့ အဲဒီစွပ်စွဲချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013