နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ မိုးသည်းသည်းထန်ထန်ရွာပြီးနောက် တောင်ကျရေတွေ ကျလာလို့ ဒေသခံအယောက် ၆၀၀ ကျော်ကို ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ ည ၈ နာရီလောက်က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲက သာယာစု၊ အင်းသာ၊ ကြို့တန် စတဲ့ကျေးရွာတွေထဲက ဒေသခံ အယောက် ၆၀၀ ကျော်ကို တောင်ကျရေကြောင့်အန္တရာယ်ရှိလို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာလို့ သိရပါတယ်။
ဒေသခံတယောက်က “တောင်ကျရေက တဟုန်ထိုးကျဆင်းလာလို့ပြောင်းရွှေ့ခဲ့ရတာပါ။ မိုးဒဏ်ကြောင့် မြေသားတွေပါ အိကျလာလို့ အန္တရာယ်ရှိတဲ့အခြေအနေမို့ ပြောင်းရွှေ့ခဲ့ရတာ” လို့ ပြောပါတယ်။
အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းတာကြောင့် တောင်ကျရေတွေဝင်ရောက်လာတဲ့အတွက် လူမှုကရုဏာရှင် ပရဟိတအသင်း အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကျေးရွာ ၃ ရွာက ဒေသခံတွေကို ရွှေ့ပြောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “တောင်ကျရေက အန္တရာယ်များတယ်လေ။ ဒါကြောင့် အရေးပေါ်ရွှေ့ပြောင်းရတာပါ။ ညဘက်ကြီးရွှေ့ပြောင်းရတော့ ခက်ခဲတာပေါ့။ သဘာဝဘေးသင့် ဒေသခံတွေက မိသားစုတွေဆီမှာနေသလို ဘုန်းတော်ကြီးကျောင်းမှာလည်း နေနေပါတယ်”လို့ ပြောပါတယ်။
တောင်ကျရေကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ အဲဒီဒေသတွေမှာ စက်တင်ဘာ ၂၆ ရက် ညလုံးပေါက်နဲ့ ၂၇ ရက်မနက်ပိုင်းအထိ မိုးရွာနေတုန်းလို့ သိရပါတယ်။
စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီကလည်း ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်မှာ ရေတက်လာလို့ ဒေသခံတွေ နေအိမ်ကနေရွှေ့ပြောင်းခဲ့ကြရပါသေးတယ်။