Home
မြန်မာသတင်း
NCA ၁၀ နှစ်ပြည့်အခမ်းအနားနှင့် ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ ၃ ရက်ကြာ ကျင်းပမည်
DVB
·
September 24, 2025

နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲကို NCA ပြင်ပက အဖွဲ့တွေကိုပါ ဖိတ်ခေါ်ကျင်းပဖို့ စီစဉ်နေပါတယ်။ 

NCA ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာ ၁၅ ရက်ကစပြီး နေပြည်တော်မှာ ၃ ရက်တာ ကျင်းပသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ၊ နိုင်ငံတကာက အသိသက်သေတွေနဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ စစ်ဘက် အရပ်ဘက် တာဝန်ရှိသူတွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ဖိတ်ကြားမယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် NCA စတင်ဆွေးနွေးစဉ်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ဖိတ်ကြားဖို့ အစီအစဉ်ရှိပေမဲ့ လက်ရှိအချိန် ဘယ်အဖွဲ့အစည်းကိုမှ မဖိတ်ရ‌သေးဘူးလို့ အခမ်းအနား ကျင်းပရေး စီစဉ်ဆောင်ရွက်နေသူတွေနဲ့ နီးစပ်သူက  ပြောပါတယ်။

“လောလောဆယ်က ဖိတ်ကြားဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေဆဲပဲ ဖြစ်တယ်။ ဖိတ်စာပို့တာတို့ ဘာတို့ကတော့ မလုပ်ရသေးဘူး။”

အဲဒီအခမ်းအနား ကျင်းပဖို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ၄ ကြိမ် တွေ့ဆုံဆွေးနွေးထားပြီး လာမယ့်ရက်ပိုင်းမှာလည်း ထပ်ဆွေးနွေးကြဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပွဲကျင်းပရေး စီစဉ်ဆောင်ရွက်ထားမှုနဲ့ပတ်သက်လို့ NSPNC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင်ဆီကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းအဆက်အသွယ် မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ပွဲကျင်းပရေးကော်မတီ အစည်းအဝေးကို နေပြည်တော်က မင်္ဂလာသီရိဟိုတယ် Grand Ballroom  မှာ ကျင်းပခဲ့ပြီး NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးစားကြဖို့ ကော်မတီဥက္ကဋ္ဌ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မှာကြားသွားပါတယ်။

NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်နိုင်မှုတွေနဲ့ အောင်မြင်မှု သင်ခန်းစာတွေကို ဆန်းစစ်သုံးသပ်ပြီး အတွေ့အကြုံနဲ့ အမြင်တွေကို မျှဝေဖို့ ဒီအခမ်းအနားကို ကျင်းပတာလို့လည်း အဲဒီအစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

NCA ၁၀ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း ကျင်းပသွားမှာဖြစ်ပြီး ဆက်စပ်အခမ်းအနားဖြစ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ၁၅ ရက် နေ့လယ်ပိုင်းကနေ အောက်တိုဘာ ၁၇ ရက်အထိ ဆက်ကျင်းသွားသွားဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားမှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းစဥ်က ပါဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုပါ ဖိတ်ကြားသွားမယ်လို့ ဆိုပေမယ့် အဲဒီကာလ NCCT မှာ ပါဝင်ခဲ့တဲ့ KIA ၊ AA နဲ့ TNLA တို့လို အဖွဲ့တွေကို ဖိတ်ကြားဖို့ရှိသလားဆိုတဲ့ မေးခွန်းကို အခမ်းအနား ကျင်းပရေး စီစဉ်ဆောင်ရွက်နေသူတွေနဲ့ နီးစပ်သူက အခုလို ပြောပါတယ်။

“NCA ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖိတ်ကြားဖို့တော့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။”

NCA စာချုပ် အကောင်အထည်ဖော်ဖို့ သမ္မတ ဦးသိန်းစိန်လက်ထက် ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးစိုးသိန်း တို့ ဦးဆောင် လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ဝန်းကျင် ပါဝင်ဆွေးနွေးခဲ့ကြပေမဲ့ အမှန်တကယ် လက်မှတ် ရေးထိုးတဲ့အခါမှာ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

NLD အစိုးရလက်ထက်မှာ မွန်ပြည်သစ်နဲ့ လားဟူ ၂ ဖွဲ့ ထပ်ပြီးလက်မှတ်ထိုးခဲ့တာကြောင့် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013