
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ပင်လယ်ကျားဖောင်အစီးရေ ၄၀၀ ဝန်းကျင် မုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားပြီး ပင်လယ်ပြင်ထဲ မျောပါသွားတယ်လို့ ကျားဖောင်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ အရေးပေါ် ကမ်းပြန်ကပ်ဖို့ အချိန်မမီ ဖြစ်ခဲ့တာကြောင့် ဖျာပုံမြို့နယ်ထဲက ပင်လယ်ပြင်ကျားဖောင်အစီး ၂၀၀ ကျော်က လုံးဝပျက်စီးခဲ့ပြီး နောက်ထပ် အစီးရေ ၂၀၀ ကျော်က မျောပါသွားတယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ်က ကျားဖောင်လုပ်ငန်းရှင်တယောက်က “လူတွေ အသက်ရှင်ဖို့အတွက် အဓိကလုပ်ရပြီး ကျားဖောင်တွေကိုတော့ လက်လွှတ်ရတာပေါ့။ လတ်တလောစာရင်းအရ အားလုံး အစီး ၄၀၀ ကျော်လောက် ဆုံးရှုံးတယ်။ ဒီထက်လည်း များနိုင်တယ်။ ကုန်ကျစရိတ်တွေ များတဲ့နှစ်မှ အခုလိုဖြစ်တာဆိုတော့ အခက်တွေ့ကုန်ပြီ” လို့ ပြောပါတယ်။
ရေထဲမျောပါ ပျက်စီးခဲ့ရတဲ့ ပင်လယ်ကျားဖောင်တခုရဲ့ ကုန်ကျစရိတ်ဟာ မြန်မာငွေ ကျပ်သိန်း ၂၅၀ ဝန်းကျင်အထိရှိပြီး ကျားဖောင်တွေ ရေထဲမျောပါ ပျက်စီးခဲ့ပေမဲ့ လူတွေ လုပ်သားတွေ အန္တရာယ်မရှိဘဲ အရေးပေါ် ကမ်းကပ်နိုင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်အထိ ပင်လယ်ပြင် လေကြမ်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ပင်လယ်ပြင်မှာ ထားခဲ့ရတဲ့ ပျက်စီးမှုမရှိတဲ့ ကျားဖောင်တွေပါ ထပ်မံပျက်စီးလာနိုင်တယ်လို့ သိရပါတယ်။
ကျားဖောင်ဦးစီးတယောက်က “လူတွေပဲ အသက်ရှင်ဖို့ အရေးပေါ် မော်တော်ယာဉ်တွေသုံးပြီး ကမ်းပေါ်ပြန်တက်ရတာ။ ကျားဖောင်တွေကို ထားခဲ့ပြီး ကမ်းခြေပေါ်ကို အမြန်ပြန်တက်ခဲ့ရတာ။ ဒါ့ကြောင့် သေဆုံးမှုမရှိတာ။ ပျက်စီးဆုံးရှုံးတွေကတော့ များတာပေါ့” လို့ ပြောပါတယ်။
ဖျာပုံမြို့နယ်ရဲ့ ဧရာဝတီငါးဖမ်းကွက်ဧရိယာထဲမှာ ပင်လယ်ကျားဖောင်အစီးရေ ၈,၀၀၀ ဝန်းကျင်ရှိပြီး ပင်လယ်ကျားဖောင်လုပ်ငန်းတွေဟာ မိုးလေဝသအခြေအနေကို အဓိက စောင့်ကြည့် လုပ်ကိုင်ရတာဖြစ်ပြီး အခုလို ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ရတာဟာ တိကျသေချာတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို မရရှိတာကြောင့်လို့ ကျားဖောင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဖျာပုံမြို့နယ်မှာ ပင်လယ်ကျားဖောင်လုပ်ငန်းကို ခါးပြတ်၊ ရွှေထီး၊ ဗန္ဓာပင်၊ ဖျာပုံမြစ်တန်း၊ ဘုန်းကြီးသောင်၊ ချောင်းဝ စတဲ့ကျေးရွာတွေက အများဆုံး ပင်လယ်ပြင်ထွက် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
အခုနှစ် ပင်လယ်ကျားဖောင်တွေ ပင်လယ်ပြင်ကို စတင်ထွက်ခွာတဲ့အချိန်မှာ လုပ်သားရှားပါးတဲ့ ပြဿနာ၊ ကျားဖောင်အရင်းအနှီး၊ ကျားဖောင်မှာလိုအပ်တဲ့ အထွေထွေ အသုံးအဆောင်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်ခဲ့တာ အပါအဝင် စစ်ကောင်စီရဲ့ ပင်လယ်ပြင်ငါးဖမ်းခွင့် တင်းကျပ်စစ်ဆေးမှုတွေကြောင့် အခက်အခဲ ဖြစ်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။