Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်တွင် ၁၇ ဦးသေဆုံး၊ မုန်တိုင်းအလွန် ဟောင်ကောင်လေဆိပ်ပြန်ဖွင့်
DVB
·
September 25, 2025
Photo :Reuters

ဒီနှစ်အတွက် ကမ္ဘာ့အင်အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာက ထိုင်ဝမ်ကျွန်းကို တိုက်ခတ်ခဲ့လို့ လူ ၁၇ ယောက် သေဆုံးပြီး တခြား ၁၇ ယောက် ပျောက်ဆုံးနေပါတယ်။

တောင်ပေါ်မှာ မြေပြိုလို့ဖြစ်လာတဲ့ ရေကန်ရဲ့ ကမ်းပါးတွေ ကျိုးပေါက်ပြီးတဲ့နောက် စက်တင်ဘာ ၂၄ ရက်က ရိုက်ကူးခဲ့တဲ့ ဒရုန်းဗီဒီယိုဖိုင်မှာ ထိုင်ဝမ်ကျွန်း ဟွားလျန်မြို့ ကွမ်းဖူမြို့နယ်မှာ လမ်းပိုင်းတွေ ပျောက်ဆုံးနေတဲ့ အဓိကလမ်းတံတားကို ပြသခဲ့ပါတယ်။

အစောပိုင်းက မိုးသည်းလို့ ကျွန်းရဲ့ အရှေ့ဘက်က လူနေကျဲပါးတဲ့ ဒေသမှာ မြေပြိုခဲ့ပါတယ်။ ပြိုကျလာတဲ့ မြေသားတွေ ကျောက်တုံးတွေက မြစ်ကြောင်းကို ပိတ်ဆို့သွားလို့ ဖြစ်လာတဲ့ တောင်ပေါ်ရေကန်က ကမ်းပါးတွေ ပြိုကျခဲ့တာပါ။

ဒါကြောင့် တောင်ကျရေတွေ ရုတ်တရက် ထိုးဆင်းလာခဲ့ပြီး ဟွားလျန်မြို့ကို ရွှံ့ရေတွေ ဖုံးလွှမ်းခဲ့ကာ အိမ်တွေ ပျက်စီးခဲ့ပါတယ်။

မြေပြိုရေကန်တွေ ရေပြည့်လျှံနေချိန်မှာ သတိပေးချက် မလုံလောက်ဘူးလို့ ကွမ်းဖူမြို့မှာ နေထိုင်သူ အများအပြားက ပြောပါတယ်။ မြို့ထဲမှာ နေထိုင်သူတွေဟာ ခြေချင်းဝတ်ထိနက်တဲ့ ရွှံ့နွံတွေထဲ လမ်းလျှောက်နေရပါတယ်။

ကျောက်တုံးတွေ၊ မြေပြိုမှုတွေ ဒါမှမဟုတ် တခြား သဘာဝပိတ်ဆို့မှုတွေက မြစ်ရေစီးကြောင်းကို ဖြတ်ပိတ်သလိုဖြစ်ပြီး ပုံမှန်အားဖြင့် ချိုင့်ဝှမ်းတခုမှာ သဘာဝဆည်တခုလို ဖြစ်သွားခဲ့တာပါ။

ထိုင်ဝမ်တဝန်း ဒေသတွေက ကယ်ဆယ်ရေးအဖွဲ့တွေကို ဟွားလျန်မြို့ဆီ စေလွှတ်ခဲ့ပြီး စစ်တပ်ကလည်း ကူညီဖို့ တပ်ဖွဲ့ဝင် ၃၄၀ ကို စေလွှတ်ခဲ့ပါတယ်။

လမ်းမတွေပေါ်က ရွှံ့တွေကို ရှောင်ဖို့ သံချပ်ကာယာဉ်ကို မောင်းလာတဲ့ စစ်သားတွေက ရေနဲ့ ခေါက်ဆွဲခြောက်တွေကို တအိမ်တက်ဆင်း ဝေပေးနေပါတယ်။

ကွမ်းဖူမြို့ခံတယောက်က “ဒီမှာ ဒီလောက်ပြင်းထန်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး၊ ပြေးရရင်တောင် အချိန်မီ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

မြေပြို ရေကန်ရေလျှံမှုကြောင့် ခန့်မှန်းခြေ တန်ချိန် ၉၁ သန်းလောက်ရှိတဲ့ ရေထုထဲကနေ တန်ချိန် သန်း ၆၀ လောက် ကျိုးပေါက် စီးဆင်းခဲ့တာပါ။

ဒီရေပမာဏဟာ အိုလံပစ်အရွယ် ရေကူးကန် ၃၆,၀၀၀ လောက်ကို ဖြည့်နိုင်လောက်အောင် လုံလောက်တယ်လို့ အစိုးရက ပြောခဲ့ပါတယ်။

ထိုင်ဝမ်ကို စက်တင်ဘာ ၂၂ ရက်ကတည်းက စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာရဲ့ အပြင်ဘက် အဖျားအနားတွေက အပြင်းအထန် တိုက်ခတ်ခဲ့တာပါ။

အခုတော့ တရုတ်နိုင်ငံရဲ့ တောင်ပိုင်း ကမ်းရိုးတန်းနဲ့ အာရှဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်တို့ကို ဝင်ရောက်တိုက်ခတ်နေပါတယ်။

မုန်တိုင်းဟာ တရုတ်ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်ပြီးနောက်  အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ၃၆ နာရီကြာ ရပ်ဆိုင်းခဲ့ရတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ စက်တင်ဘာ ၂၅ ရက်မှာ ပြန်လည်စတင်နေပြီဖြစ်သလို လုပ်ငန်းတွေ၊ ပို့ဆောင်ရေးတွေနဲ့ ကျောင်းတချို့ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ ထိုင်ဝမ်ကို တိုက်ခတ်ခဲ့ရာမှာ လူ ၁၄ ယောက် သေဆုံးခဲ့တဲ့ ရာဂါဆာမုန်တိုင်းဟာ တရုတ်ကို ဦးတည်လာခဲ့တဲ့အတွက် လူဦးရေထူထပ်တဲ့ ဟောင်ကောင်မှာ စက်တင်ဘာ ၂၃ ရက်က စပြီး လုပ်ငန်းတွေ၊ သွားလာလှုပ်ရှားမှုတွေ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

၂၃ ရက်နေ့မှာတော့ မုန်တိုင်းဟာ တရုတ်တောင်ပိုင်းမြို့ ယန်ကျင်းမှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့ပါတယ်။

၂၃ ရက်နေ့ အချိန်အများစုမှာ ဟောင်ကောင်အာဏာပိုင်တွေက အမြင့်ဆုံး တိုင်ဖွန်းသတိပေးချက် အဆင့် ၁၀ သတ်မှတ်ထားခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

၂၅ ရက်မှာတော့ ဒုတိယအနိမ့်ဆုံး တိုင်ဖွန်းသတိပေးချက်မှာ ဆက်လက်ထားရှိခဲ့ပြီး မူကြိုနဲ့ ကျောင်းတချို့ ဆက်ပိတ်ထားဆဲဖြစ်ပါတယ်။

၂၃ ရက်နေ့တုန်းကတော့ ဟောင်ကောင်အရှေ့ဘက်နဲ့ တောင်ဘက်ကမ်းရိုးတန်းမှာ လှိုင်းလုံးကြီးတွေ ဖြစ်ခဲ့ပြီး လမ်းတချို့နဲ့ လူနေအဆောက်အအုံတချို့ ရေလွှမ်းခဲ့ပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာက ပုလဲမြစ်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသဆီ ချဉ်းကပ်တိုက်ခတ်ခဲ့လို့ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်နဲ့ မကာအို အထူးအုပ်ချုပ်ရေးဒေသတွေမှာ စက်တင်ဘာ ၂၄ ရက် အစောပိုင်းတည်းက အမြင့်ဆုံးအဆင့် တပ်လှန့်မြှင့်တင်ခဲ့ရတာပါ။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆိုင်းငံ့ထားပြီး ကျောင်းတွေ၊ ရုံးတွေကို ပိတ်ထားရပါတယ်။ အင်္ဂါနေ့ မွန်းလွဲပိုင်းတည်းက ဟောင်ကောင်က ကူးတို့သင်္ဘောပြေးဆွဲမှုအားလုံးကို ရပ်ဆိုင်းခဲ့ရတာပါ။

ဗုဒ္ဓဟူးနေ့ မနက်ကတည်းက ဟောင်ကောင် MTR က မြေအောက်ရထားလမ်းပိုင်းတွေကို နည်းနည်းသာ ပြေးဆွဲနိုင်လို့ ပြင်ပရထားဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားသလို ဘတ်စ်ကားနဲ့ မြေပေါ် ရထား ပြေးဆွဲမှုအားလုံးကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

ဒါ့အပြင် ကောင်းလွန်းကျွန်းအနောက်ပိုင်းနဲ့ တရုတ်ပြည်မကြီးဘူတာတွေကြား မြန်နှုန်းမြင့်ရထား ပြေးဆွဲမှုကို စက်တင်ဘာ ၂၄ ရက်အထိ ရပ်ဆိုင်းထားခဲ့ရပါတယ်။

မကာအိုမှာ ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတား အပါအဝင် ပင်လယ်ကူးတံတား ၄ စင်းတို့ကို အင်္ဂါနေ့နှောင်းပိုင်းတည်းက ပိတ်ထားခဲ့ပါတယ်။ အစိုးရဌာနဆိုင်ရာ ရုံးတွေမှာလည်း သူတို့လုပ်ငန်းတွေကို ဆိုင်းငံ့ထားပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း စီးပွားရေးအင်အားကြီး ကွမ်တုံပြည်နယ်တလျှောက်မှာ လူပေါင်း ၂ သန်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးထားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။

နေ့လယ်ပိုင်းက ကျန်းမဲန်မြို့မှာ လေပြင်းတိုက်ခတ်မှု တနာရီ မိုင် ၁၅၀ အထိ စံချိန်တင်ခဲ့တယ်လို့  ချွမ်ဒေါင်မြို့က မိုးလေဝသဌာနတခုက ဆိုပါတယ်။ ဒါဟာ မှတ်တမ်းတွေ စတင် ကောက်ယူကတည်းက အမြင့်ဆုံး ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ ယန်ကျန်းမြို့ ဟိုင်လင်းကျွန်းရဲ့ ကမ်းရိုးတန်းတလျှောက်ကနေ ညနေ ၅ နာရီလောက်မှာ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ဗဟိုချက်အနားမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၈၉ မိုင် ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် ထိုင်ဝမ်မှာ လူ ၁၇ ယောက်သေပြီး တခြား ၁၇ ယောက် ပျောက်ဆုံးနေသလို ဖိလစ်ပိုင်မြောက်ပိုင်းမှာလည်း လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024