Home
မြန်မာသတင်း
“ရာဂါဆာ” မုန်တိုင်းကြောင့်  သဘာဝဘေးအန္တရာယ် ဖြစ်လာနိုင်
DVB
·
September 22, 2025

အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ဟာ အနောက်-အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အဖြစ် ပိုမိုအားကောင်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ဟာ အနောက်-အနောက် မြောက်ဘက်ကို ဦးတည်ရွေ့လျားပြီး လာမယ့် ၂၄ နာရီအတွင်း အလွန့်အလွန် အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” အဖြစ် ပိုမိုအားကောင်းလာကာ လုဇုန်​ရေလက်ကြားနဲ့ လာမယ့် ၄၈ နာရီအတွင်းမှာ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ” ရဲ့ အကြွင်းအကျန်ကြောင့် စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးသည်းထန်တာ၊ ဒေသအလိုက် မိုးကြီးတာ၊ မိုးခြိမ်းတာ၊ မိုးကြိုးပစ်တာ၊ မိုးသက်လေပြင်း တိုက်ခတ်တာနဲ့ တောင်ထူထပ်တဲ့ဒေသတွေမှာ မြေပြို တောင်ပြိုတာတွေ ဖြစ်စေနိုင်ပါတယ်။

ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအကြွင်းအကျန်လမ်းကြောင်း အောက်ဘက်ကို ကျရောက်နိုင်တာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ စူပါတိုင်ဖွန်း ရာဂါဆာ သက်ရောက်မှု အများဆုံးဖြစ်နိုင်မယ့် အခြေအနေ သေချာသလောက်ရှိနေပြီလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းအကြွင်းအကျန်အရှိန်ကြောင့် စစ်တောင်းမြစ်အထက်ပိုင်း တပ်ကုန်းမြို့အနီးနဲ့ စစ်တောင်းမြစ်အောက်ပိုင်း တောင်ငူခရိုင်အတွင်းမှာ စစ်တောင်းမြစ်ရေ ပြန်လည်မြင့်တက်လာနိုင်တဲ့အတွက် အောက်တိုဘာ ၆ ရက်အထိ ရေကြီးနိုင်ကြောင်း သတိပေးချက် (Flood Alert Level - MEDIUM) အဆင့် ရှိနေကြောင်း တွေ့ရှိနေရတယ်လို့ မိုးလေဝသပညာရှင်တွေက အသိပေးထားပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစလို့ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လက်ရှိ စက်တင်ဘာ ၂၄ ရက်အထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မပြီးပြတ်သေးသလို ထပ်ဖြစ်လာမယ့် မုန်တိုင်းအတွက်လည်း ဘာမှမပြင်ဆင်နိုင်သေးဘူးလို့ မဒေါက်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ မဒေါက်မှာ မိုးပါးပါးလေးပဲ ရွာသေးတယ်။ ဆိုးဆိုးဝါးဝါးကြီး ရွာတာတော့ မရှိသေးပါဘူး။ လက်ရှိကတော့ အေးအေးဆေးဆေးပါပဲ။ ဒေသခံပြည်သူတွေကတော့ မုန်တိုင်းထက် စားဝတ်နေရေး ဒုက္ခတွေကို ပိုဖြေရှင်းနေရတဲ့အတွက် လာမယ့်ဘေး ပြေးတွေ့မယ် ဆိုတဲ့သူတွေက ပိုများနေတယ်။ အခုရက်ပိုင်းဆိုရင် မုန်တိုင်းကိုပဲ ကြောက်ရမလိုလို ပေါ်တာဆွဲနေတဲ့ စစ်(--)ကိုပဲ ကြောက်ရမလိုလို၊ စားဝတ်နေရေးကတဖက် မုန်တိုင်းကတဖက် စစ်(--)ကတဖက်နဲ့ ပြည်သူတွေကတော့ စိုးရိမ်နေရတယ်။”

မြန်မာနိုင်ငံတွင်း မုန်တိုင်းတိုက်ရိုက်ဝင်တိုက်နိုင်မှာ မဟုတ်ပေမဲ့ မုန်တိုင်းအကြွင်းအကျန်တွေ ဝင်ရောက်လာပြီး ဘေးအန္တရာယ်တွေ ကျရောက်လာနိုင်တာကြောင့် အထူးသတိထားကြဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ မိုးလေဝသပညာရှင်တွေက အသိပေးထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013