
ဂျပန်နိုင်ငံကို ပီးပါ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်သွားတာကြောင့် ရှီဇူအိုကာ စီရင်စုရှိ အဆောက်အအုံ ၂၂၀ ထက် မနည်း ပျက်စီးခဲ့ပြီး လူ ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂျပန် ရုပ်သံလိုင်း NHK သတင်းမှာ ဖော်ပြပါတယ်။
နေအိမ်အမိုးတွေ ကွာထွက်ပြီး မော်တော်ယာဉ်တွေပေါ် ပြုတ်ကျခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ဗီဒီယိုမှာ ပြသခဲ့ပါတယ်။
ယိုရှီုဒါမြို့နဲ့ မကီနိုဟာရမြို့အပါအဝင် ရှီဇူအိုကာ စီရင်စုရှိ မြူနီစီပယ်နယ်မြေ ၄ ခုမှာ လေပြင်း တိုက်ခတ်ခဲ့ကြောင်း NHK က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မကီနိုဟာရမြို့ အာဏာပိုင်တွေကတော့ ဒေသစံတော်ချိန် ည ၉ နာရီခွဲအထိ လူ ၃ ယောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အယောက် ၂၀ မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်၊ အဆောက်အဦ ၄၃ လုံးက အကုန်လုံး သို့မဟုတ် တဝက်လောက် ထိခိုက် ပျက်စီးပြီးတော့ အဆောက်အအုံ ၁၈၄ လုံးကတော့ တစိတ်တပိုင်း ပျက်စီးခဲ့ကြောင်း NHK က ဆိုပါတယ်။
မုန်တိုင်းဟာ မြို့တော်တိုကျိုရဲ့ တောင်ဘက် ၆၀၀ ကီလိုမီတာအကွာရှိ ဝါကာယာမ စီရင်စုမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက်မှာ ကမာကူရမြို့မှာ လမ်းတွေရေလျှံခဲ့ပါတယ်။
တိုင်ဖွန်း ပီးပါ့ဟာ ဂျပန်အရှေ့ဘက်ကမ်းရိုးတန်းမှာ သောကြာနေ့ ည ၉ နာရီလောက်က အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီကတော့ တိုကိုင်း၊ ကန်တိုနဲ့ တိုဟိုကူ ဒေသတွေမှာ စက်တင်ဘာ ၆ ရက် စနေနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး တိုင်ဖွန်း ပီးပါ့ ဟာ ဂျပန်နိုင်ငံရဲ့ အနောက်ဘက်ခြမ်းကနေ ပစိဖိတ်ကမ်းရိုးတန်းရဲ့ အရှေ့ဘက်ကို ရွေ့လျားနေပါတယ်။
Source: NHK/ Reuters