
ထိုင်းပြည်သူတွေဆီ အာဏာပြန်ပေးဖို့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်မှာ ပါလီမန်ကို ဖျက်သိမ်းဖို့ စီစဉ်ထားပြီး အထွေထွေရွေးကောက်ပွဲကို မတ်လ သို့မဟုတ် ဧပြီလ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ချက်ကို လွှတ်တော်ကို တင်ပြပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကို စာတင်ထားပြီး ဖြစ်ကြောင်းနဲ့ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အကြားမှာ တရက်ရက်ကို ရက်ချိန်းပေးဖို့လည်း လွှတ်တော်ဥက္ကဋ္ဌကို တောင်းဆိုထားကြောင်းလည်း ထိုင်းဝန်ကြီးချုပ် အနုထင်းက ပြောပါတယ်။
အနုထင်းဟာ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ကနေ သူ့ရဲ့ ဖုမ်းကျိုင်းထိုင်းပါတီ နုတ်ထွက်ခဲ့ပြီးနောက် စက်တင်ဘာလ အစောပိုင်း ပါလီမန် မဲခွဲဆုံးဖြတ်မှုမှာ အနိုင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ တတိယမြောက်၀န်ကြီးချုပ် ဖြစ်လာခဲ့တာပါ။
သူဟာ အာဏာရဖို့အတွက် ပါလီမန်မှာ အင်အားအကြီးဆုံးအုပ်စုဖြစ်တဲ့ အတိုက်အခံပြည်သူ့ပါတီရဲ့ ကျောထောက်နောက်ခံနဲ့အတူ ဖုမ်းကျိုင်းထိုင်းပါတီ ခေါင်းဆောင်ကို ထောက်ခံပေးဖို့အတွက် သဘောတူညီချက် တစိတ်တပိုင်းအနေနဲ့ ဝန်ကြီးချုပ်ဖြစ်အပြီး ၄ လအတွင်း ရွေးကောက်ပွဲ ခေါ်ယူခြင်း အပါအဝင် တောင်းဆိုချက် အများအပြားနဲ့ အပေးအယူလုပ်ခဲ့ပါတယ်။
အနုထင်းဟာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု၊ မြင့်မားတဲ့ အိမ်ထောင်စုကြွေးမြီတွေနဲ့ ပြည်သူတွေရဲ့ ဝယ်ခြမ်းသုံးစွဲနိုင်မှု အားနည်းလာခြင်းတွေနဲ့အတူ ရုန်းကန်နေရတဲ့ စီးပွားရေးကို ပြန်လည်ကောင်းမွန်စေရေးအတွက် အလွန်ခက်ခဲတဲ့ လုပ်ငန်းတာဝန်ကို ရင်ဆိုင်နေရပါတယ်။
နေထိုင်စရိတ် သက်သာရေးနဲ့ လယ်သမားတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ လယ်ယာထွက်ကုန်ဈေးနှုန်း ကျဆင်းနေမှုကို ဖြေရှင်းဖို့ အပါအဝင် စီးပွားရေးပြဿနာတွေကို စီမံဖို့ အစိုးရက စီစဉ်နေတယ်လို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ အနုထင်းက ပြောပါတယ်။
သူ့အစိုးရအနေနဲ့ လောင်းကစားလုပ်ငန်းတွေကို ပံ့ပိုးမှုမလုပ်ဖို့၊ ကာစီနိုစတိုင် ဖျော်ဖြေရေး အဆောက်အအုံတွေနဲ့ အွန်လိုင်းလောင်းကစား တရားဝင်လုပ်ခြင်းကို ခွင့်မပြုဖို့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒ ရှိတယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေးအလှုပ်အခတ်တွေကြောင့် အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကို ထိခိုက်စေခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေအကြားမှာ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်တွေ တိုးလာနေတာကို ကိုးကားပြီး ထိုင်းနိုင်ငံရဲ့ အလားအလာဟာ “တည်ငြိမ်မှု” ကနေ “အနုတ်လက္ခဏာ” အဖြစ် ပြောင်းလဲနေကြောင်း Fitch Ratings အေဂျင်စီက သုံးသပ်ပြခဲ့ပါတယ်။
Source: Reuters


