
ဘန်ကောက်လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေ ကြန့်ကြာနေတာကြောင့် စင်ကာပူမှာ ကိုယ်ပိုင်လေယာဉ် ဆင်းသက်ခွင့်ပြုတဲ့အချိန် ကျော်သွားလို့ ဒူဘိုင်းကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတာဖြစ်ပြီး အမှုရင်ဆိုင်ဖို့ ပြန်လာမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောပါတယ်။
စက်တင်ဘာ ၄ ရက်က စင်ကာပူမှာ ဆေးစစ်ဖို့ ချိန်းထားတယ်ဆိုပြီးတော့ ဘန်ကောက်ကနေ ထွက်ခွာခဲ့တဲ့ သက်ဆင်ဟာ ဒူဘိုင်းကို လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် “သက်ဆင်ပြေးပြီ” လို့ သတင်းတွေထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းစံတော်ချိန် စက်တင်ဘာ ၅ ရက် မနက် ၂ နာရီမှာတော့ X လူမှုကွန်ရက်မှာ ပို့စ်တင်ပြီးတော့ သက်ဆင်က ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အမှုမှာ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီးကတည်းက သက်ဆင်ဟာ နိုင်ငံကထွက်ခွာပိုင်ခွင့် ရှိပြီးသားဖြစ်ပေမဲ့ လဝကရဲတွေကြောင့် လေယာဉ်ထွက်ဖို့ ၂ နာရီလောက် နောက်ကျခဲ့ရတယ်လို့ သက်ဆင်က ဆိုပါတယ်။
စင်ကာပူ ဆီလီတာလေဆိပ်မှာ ကိုယ်ပိုင်လေယာဉ်ဆင်းခွင့်က ည ၁၀ နာရီမှာ ပိတ်သလို ထိုင်းနဲ့ စင်ကာပူစံတော်ချိန်ကလည်း တနာရီရှေ့ရောက်တဲ့အတွက် ဆင်းဖို့ မမီနိုင်တော့ကြောင်း၊ စင်ကာပူဘက်ကို ဦးတည်ပျံသန်းလာချိန်မှာ သူ့လေယာဉ်မှူးက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူအရင်ကတည်းက အရိုးနဲ့ အဆုတ် ကုသမှုခံယူခဲ့ဖူးတဲ့ ဆရာဝန်တွေရှိတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းကို လမ်းကြောင်းပြောင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒူဘိုင်းမှာ သူ ၂ နှစ်လောက် မတွေ့ဖြစ်တဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဖို့ အခွင့်အရေး ရသွားတယ်လို့ သက်ဆင်က ဆိုပါတယ်။
အဲဒီမှာလည်း ဒူဘိုင်းလေဆိပ်မှာ ဆင်းသက်ခွင့်ရဖို့ ပြန်တောင်းခဲ့ရတဲ့အတွက် သူ့လေယာဉ်ဟာ အချိန်အကြာပြီး ပတ်ပျံနေရတယ်လို့ ဆိုပါတယ်။ ခွင့်ပြုချက်ရတော့မှ ဒူဘိုင်းကို ဦးတည်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆင်ဟာ “၁၄ လွှာ အမှု” လို့ ထင်ရှားတဲ့ အမှုအတွက် တရားရုံးချုပ်မှာ စက်တင်ဘာ ၉ ရက်နေ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအတွက် ၈ ရက်နေ့အရောက် ပြန်လာမယ်လို့ အတည်ပြုပါတယ်။
၂၀၂၂ နှစ်လယ်ကနေ ၂၀၂၃ နှစ်ဦးပိုင်းအထိ ထောင်ထဲမှာမနေဘဲ ရဲအထွေထွေဆေးရုံကြီး ၁၄ လွှာမှာ ဇိမ်ကျကျနေခဲ့တဲ့ ကိစ္စအတွက် ကြားနာစစ်ဆေးဖို့ တရားရုံးက ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။