
ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ ဖဲထောင်းထန်းရှင်နာဝပ်ကို ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားဖို့ ဩဂုတ် ၂၉ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
နိုင်ငံတော်အကြီးအကဲ ကျင့်ဝတ်ချိုးဖောက်ပြီး ဂုဏ်သိက္ခာ ကင်းမဲ့မှုအတွက် အပြစ်ရှိတယ်လို့ တရားရုံးက တွေ့ရှိတဲ့အကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ရာထူးကနေ ဖယ်ရှားခံရတဲ့ ၅ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ဇွန်လတုန်းက ဖဲထောင်းထန်းရှင်နာဝပ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့မှုနဲ့ ပတ်သက်လို့ စစ်ဆေးပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။
ဩဂုတ် ၂၁ ရက်မှာ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ဖဲထောင်းထန်းရှင်နာဝပ်တို့ရဲ့ ထွက်ဆိုချက်တို့ကို ကြားနာခဲ့ကာ ဩဂုတ် ၂၇ ရက်မှာ စစ်ဆေးမှုကို အဆုံးသတ်ပြီး ဩဂုတ် ၂၉ ရက် မနက်မှာ တရားရုံးက ဆွေးနွေးမှုတွေ၊ မဲပေးမှုတွေ ပြုလုပ်ပြီးနောက် ၃ နာရီမှာ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဖဲထောင်းထန်းရှင်နာဝပ်ဟာ နိုင်ငံတော်အကြီးအကဲ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုပြီး အထက်လွှတ်တော်အမတ်တွေရဲ့ တိုင်ကြားမှုကို တရားရုံးက လက်ခံခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက ရာထူးကနေ ရပ်ဆိုင်းခံထားရတာ ဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာ ဖဲထောင်းထန်းရှင်နာဝပ်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ခဲ့ကြောင်းနဲ့ ထိုင်းစစ်တပ်အကြီးအကဲတွေကို ဝေဖန်တဲ့ မှတ်ချက်ချခဲ့ကြောင်း ပါဝင်ပါတယ်။
နောက်ပိုင်းမှာ ဖဲထောင်းထန်းရှင်နာဝပ်က တောင်းပန်ခဲ့ပြီး ဒီလိုပြောဆိုခဲ့တာက နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတခုအဖြစ် အသုံးပြုခဲ့တာလို့လည်း ဆိုပါတယ်။
ဒီအသံဖိုင် ပေါက်ကြားမှုကြောင့် ပြည်သူတွေ ဒေါသထွက်ခဲ့ပြီး ဖဲထောင်းထန်းရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ဖို့အထိ အစိုးရဆန့်ကျင်သူတွေက တောင်းဆိုလာပါတယ်။
ဒါပေမဲ့ ဖဲထောင်းထန်းကို ထောက်ခံသူတွေကတော့ ဝန်ကြီးချုပ်ဟာ အဲဒီရည်ရွယ်ချက်နဲ့ ပြောဆိုခဲ့တာ မဟုတ်ကြောင်း ဆိုထားပါတယ်။