
ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ ဖဲထောင်းထန်း ရှင်နာဝပ်ကို ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားရေး ဆုံးဖြတ်ချက်ကို ဩဂုတ် ၂၉ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့မှုနဲ့ ပတ်သက်လို့ စစ်ဆေးသွားမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်မှာပါ။
ဩဂုတ် ၂၁ ရက်မှာ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ဖဲထောင်းထန်း ရှင်နာဝပ်တို့ရဲ့ ထွက်ဆိုချက်ကို ကြားနာမယ်လို့ တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ကာ ဩဂုတ် ၂၇ ရက်မှာ စစ်ဆေးမှုကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
တရားရုံးဟာ ဩဂုတ် ၂၉ ရက် မနက် ၉ နာရီမှာ အစည်းအဝေးပြုလုပ်မှာဖြစ်ကာ ဆွေးနွေးမှုတွေ မဲပေးမှုတွေ ပြုလုပ်ပြီးနောက် ၃ နာရီမှာ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။
ဖဲထောင်းထန်း ရှင်နာဝပ်ဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်ကြောင်း တိုင်ကြားမှုကို တရားရုံးက လက်ခံခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက ရာထူးကနေ ရပ်ဆိုင်းခံထားရတာ ဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာ ဖဲထောင်းထန်း ရှင်နာဝပ်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ခဲ့ကြောင်းနဲ့ ထိုင်းစစ်တပ်အကြီးအကဲတွေကို ဝေဖန်တဲ့ မှတ်ချက်ချခဲ့ကြောင်း ပါဝင်ပါတယ်။
နောက်ပိုင်းမှာ ဖဲထောင်းထန်း ရှင်နာဝပ်က တောင်းပန်မှုပြုလုပ်ခဲ့ပြီး ဒီလိုပြောဆိုခဲ့တာက နယ်စပ်ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတခုအဖြစ် အသုံးပြုခဲ့တာလို့လည်း ဆိုပါတယ်။
ဒီအသံဖိုင် ပေါက်ကြားမှုကြောင့် ပြည်သူတွေ ဒေါသထွက်ခဲ့ပြီး ဖဲထောင်းထန်း ရှင်နာဝပ်ကို ရာထူးကနေ နုတ်ထွက်ဖို့အထိ အစိုးရဆန့်ကျင်သူတွေက တောင်းဆိုလာပါတယ်။
ဒါပေမဲ့ ဖဲထောင်းထန်းကို ထောက်ခံသူတွေကတော့ ဝန်ကြီးချုပ်ဟာ အဲဒီရည်ရွယ်ချက်နဲ့ ပြောဆိုခဲ့တာ မဟုတ်ကြောင်း ဆိုထားပါတယ်။
ဝန်ကြီးချုပ်ကို ဆုံးဖြတ်မယ့် တပတ်မတိုင်မီ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အမှုကို ဩဂုတ် ၂၂ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။
သက်ဆင်ဟာ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား သတင်းစာတစောင်နဲ့ အင်တာဗျူးမှာ ဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Source:Reuters