Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ သက်ဆင် ဝင်စွက်မှု အရေးယူရန် တိုင်ကြား
DVB
·
September 2, 2025
Photo: Reuters

ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ရေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်က နောက်ကွယ်မှာ ညှိနှိုင်းပေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အာဏာရ ဖွေ့ထိုင်းပါတီနဲ့ အတိုက်အခံ People's Party တို့ကို စုံစမ်းစစ်ဆေးပြီး ဥပဒေကြောင်းအရ အရေးယူပေးဖို့ တက်ကြွလှုပ်ရှားသူ ၂ ယောက်က ရွေးကောက်ပွဲကော်မရှင် (EC) ကို တိုင်ကြားခဲ့ပါတယ်။

နိုင်ငံရေးလုပ်ခွင့် ပိတ်ခံထားရတဲ့ သက်ဆင်နဲ့ တိုးတက်ရေးလှုပ်ရှားမှုခေါင်းဆောင်အဖြစ် ထင်ရှားတဲ့  ထနားထွဏ်း ကျင်ရုန့်ရိန်းကစ်တို့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့မှုဟာ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးနဲ့ ပတ်သက်ပြီး မလျော်ဩဇာလွှမ်းဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ဆွန်သီယာ ဆဝါစ်ဒီးစ်က တိုင်ကြားခဲ့တာပါ။

အဲဒီနောက်မှာ ပုံမှန်တိုင်ကြားမှုတွေ လုပ်နေကြဖြစ်တဲ့ Love Nation, Love Land အဖွဲ့ခေါင်းဆောင် ဆရီဆူဝမ် ဂျန်ယာက သီးခြားထပ်မံတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ထနားထွဏ်းဟာ လက်ရှိ အတိုက်အခံ People's Party ရဲ့ မူလအစဖြစ်တဲ့ Future Forward Party (FFP) ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

FFP ဖျက်သိမ်းခံခဲ့ရအပြီးမှာ Move Forward ပါတီအဖြစ် ပြန်ထူထောင်ခဲ့တာဖြစ်ပြီး Move Forward ပါတီ ထပ်ဖျက်သိမ်းခံရတဲ့အခါ People's Party အဖြစ် ဆက်ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒီလိုပဲ သက်ဆင်ဟာလည်း လက်ရှိ ဖွေ့ထိုင်းပါတီရဲ့ မူလအစဖြစ်တဲ့ ထိုင်းရတ်ထိုင်းပါတီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

ထိုင်းရတ်ထိုင်းပါတီ ဖျက်သိမ်းခံခဲ့ရအပြီးမှာ ပြန်ဖွဲ့တဲ့ People's Power Party၊ အဲဒီပါတီ ထပ်ဖျက်ခံရလို့ ထပ်ဖွဲ့တဲ့ ဖွေ့ထိုင်းပါတီတွေမှာ ညီမ၊ ယောက်ဖ၊ သမီးတို့ကို ခေါင်းဆောင်နေရာ ဆက်ခံစေပြီး နောက်ကွယ်က ကြိုးကိုင်သူလို့ စွပ်စွဲခံရသူလည်း ဖြစ်ပါတယ်။

ဖွေ့ထိုင်းပါတီ အစိုးရဆက်ဖွဲ့နိုင်ရေး People's Party က ထောက်ခံပေးဖို့ သက်ဆင်က ထနားထွဏ်းကို ဖျောင်းဖျခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဖွေ့ထိုင်းပါတီက နောက်ဆုံးကျန်တဲ့ ဝန်ကြီးချုပ်လောင်း ချိုင်ကဆမ်နီတိသီရိကို မဲပေးမယ်ဆိုရင် People's Party က တောင်းဆိုတဲ့အတိုင်း လေးလအတွင်း လွှတ်တော်ဖျက်သိမ်းပြီးတော့ ရွေးကောက်ပွဲ စောခေါ်ပေးမယ်လို့ ဖွေ့ထိုင်းပါတီက တရားဝင် ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လွှတ်တော်ထဲမှာ အမတ်အများဆုံးရှိနေတဲ့ People's Party အနေနဲ့ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို ထောက်ခံမလား၊ ပြိုင်ဘက် ဘွမ်ဂျိုင်ထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို ထောက်ခံမလား ဆိုတာ စက်တင်ဘာ ၁ ရက်နေ့က ဆုံးဖြတ်ချက် မချနိုင်ခဲ့တဲ့အတွက် ၂ ရက်နေ့မှာ ဆက်လက်ဆွေးနွေးနေကြပါတယ်။

၃ ရက်နေ့ကစလို့ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေး လွှတ်တော် အထူးအစည်းအဝေး စတင်မှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013