Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ် တင်နိုင်ရေး  အတိုက်အခံပါတီ တောင်းဆိုချက်များကို ဖွေ့ထိုင်းပါတီ လက်ခံ
DVB
·
September 1, 2025
Photo: Reuters

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် မဲခွဲရာမှာ ထောက်ခံမှုရရှိဖို့အတွက် အတိုက်အခံ People's Party ရဲ့ တောင်းဆိုချက်တွေကို ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လက်ခံတယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

ရွေးကောက်ပွဲ အချိန်စောကျင်းပနိုင်ဖို့ ၄ လအတွင်း ဒါမှမဟုတ် ဒီထက်အချိန်စောပြီး လွှတ်တော်ဖျက်သိမ်းဖို့ People's Party ရဲ့ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ဖို့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ ပြင်ဆင်ထားတယ်လို့ အိမ်စောင့်ဝန်ကြီးချုပ် ဖူမ်သမ် ဝီချာရာချိုင်းက အတည်ပြုပါတယ်။

ဩဂုတ် ၃၁ ရက် ညနေပိုင်းက People's Party ရုံးချုပ်မှာ တနာရီလောက် သွားရောက်ဆွေးနွေးခဲ့အပြီးမှာ ဖူမ်သမ် ဝီချာရာချိုင်းဟာ ညွန့်ပေါင်းအစိုးရထဲက တခြား ပါတီခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

တောင်းဆိုချက်အတိုင်း လုပ်ပေးမယ့် ဝန်ကြီးချုပ်သစ်ကို ထောက်ခံမှာဖြစ်ပေမဲ့ အစိုးရအဖွဲ့ထဲ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံအနေနဲ့သာ ရပ်တည်သွားမယ်လို့ပါ People's Party က ကြေညာထားပါတယ်။

Move Forward ပါတီဟောင်းက အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ People's Party ရဲ့ တောင်းဆိုချက်ထဲမှာ အစိုးရသစ်ဟာ အခြေခံဥပဒေသစ်တရပ် လူထုဆန္ဒခံယူပွဲ ကျင်းပရမယ်လို့လည်း ပါရှိပါတယ်။

Move Forward ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့ပေမဲ့ အစိုးရဖွဲ့ခွင့် မရခဲ့သလို ပါတီဖျက်သိမ်းခံခဲ့ရပြီး ပါတီခေါင်းဆောင်တွေပါ နိုင်ငံရေးလုပ်ခွင့် အပိတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ People's Party အဖြစ် ဆက်လက်ရပ်တည်ခဲ့သလို လွှတ်တော်ထဲမှာ အမတ် ၁၄၃ ယောက်နဲ့ အများဆုံးရှိနေတာကြောင့် ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ ဆိုတဲ့ကိစ္စမှာ ဒီပါတီရဲ့ ထောက်ခံမှုက အဓိကအကျဆုံး ဖြစ်နေပါတယ်။

ဖွေ့ထိုင်းပါတီဟာ ဝန်ကြီးချုပ်နေရာ စာရင်းသွင်းထားသူ ၂ ယောက်အထိ ရာထူးက ဖယ်ရှားခံခဲ့ရအပြီးမှာ နောက်ဆုံးကျန်တဲ့ ကိုယ်စားလှယ် ချိုင်ကာဆင် နီတီဆီရိကို ဝန်ကြီးချုပ်နေရာ ဆက်လက်ရရှိရေး ကြိုးစားနေပါတယ်။

လွှတ်တော်ထဲမှာ တတိယအင်အားအကြီးဆုံးဖြစ်တဲ့ Bhumjaithai Party ကလည်း သူတို့ပါတီက Anutin Charnvirakul ကို ဝန်ကြီးချုပ်တင်နိုင်ဖို့အတွက် People's Party ရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013