Home
ဆောင်းပါး
အရောင်ပြောင်းလွယ်သည့် ထိုင်းဝန်ကြီးချုပ်သစ်
DVB
·
September 9, 2025
Photo: Reuters

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အသားကျနေတဲ့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ပေါ်ထွက်လာခဲ့ပါပြီ။ ဖဲထောင်ထန်း ရှင်နာဝပ်ကို ဝန်ကြီးချုပ်နေရာကနေ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖယ်ရှားခဲ့ပြီး တပတ်အကြာ၊ နိုင်ငံရေးကစားပွဲတွေရဲ့ အဆုံးမှာတော့ ဝါရင့်နိုင်ငံရေးသမား အနုထင်း ချန်းဝီရကွန်းက အခက်အခဲတွေကြားက ခပ်လှုပ်လှုပ်ထိုင်ခုံကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အနုထင်းဟာ ဆေးခြောက်တရားဝင်ဖြစ်ရေး ဦးဆောင်ခဲ့သူ၊ ကာရာအိုကေဆိုပြီး ဆက်ဆိုဖုန်းမှုတ်ရတာ ကြိုက်တဲ့သူ၊ ကိုဗစ်ကာလမှာ ညစ်ပတ်တဲ့ ဖာရန်းတွေလို့ နိုင်ငံခြားသားတွေကို ဝေဖန်ခဲ့သူ၊ ပြီးတော့ တော်ဝင်ထီးနန်းကို ထောက်ခံသူတယောက်အဖြစ် လူသိများပါတယ်။

ဖဲထောင်ထန်း ရှင်နာဝပ် ရာထူးပြုတ်သွားချိန်မှာ အာဏာလေဟာနယ်တခု ဖြစ်လာပါတယ်။ အသက် ၅၈ နှစ်အရွယ် အနုထင်း အတွက်တော့ ဒါဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး သူစောင့်မျှော်နေခဲ့ရတဲ့ အခွင့်အရေးတခု ဖြစ်လာခဲ့ပြီး လျင်လျင်မြန်မြန်ပဲ လှုပ်ရှားခဲ့ပါတယ်။ သူဦးဆောင်တဲ့ ဖုမ်းကျိုင်းထိုင်းပါတီဟာ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ချက်ချင်းနုတ်ထွက်လိုက်ပြီး နောက်တခါ ဘက်ပြောင်းဖို့ အသင့်ဖြစ်စေခဲ့ပါတယ်။ ဖုမ်းကျိုင်းထိုင်းပါတီဟာ စထောင်ကတည်းက ဘယ်တုန်းကမှ ရွေးကောက်ပွဲတိုင်းမှာ မဲအများဆုံး မရခဲ့ဘူးပေမဲ့ ညွန့်ပေါင်းအစိုးရ အဆက်ဆက်မှာ ပါဝင်ခဲ့ပြီးတော့ အဓိကကျတဲ့ ဝန်ကြီးဌာနတွေကို ရယူနိုင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။ အခုအခါမှာလည်း လွှတ်တော်ထဲမှာ အမတ် ၆၉ နေရာပဲရှိတဲ့ တတိယအင်အားအကြီးဆုံးပါတီ ဖြစ်ပေမဲ့ ဝန်ကြီးချုပ်နေရာနဲ့ အစိုးရဖွဲ့ခွင့်ကို ရအောင် ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အနုထင်းဟာ သာမန်ပြည်သူတယောက်လို ပုံစံမျိုးနဲ့ လူထုကို ချဉ်းကပ်တတ်ပါတယ်။ လမ်းဘေးစာ ကြိုက်တတ်ပြီး ဆိုရှယ်မီဒီယာမှာ သီချင်းဆိုပြတတ်သူပါ။ သူဟာ လေယာဉ်မှူးတယောက်လည်း ဖြစ်ပြီး အရေးပေါ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ကို သုံးပြီး ပို့ဆောင်ပေးတာမျိုးတွေကြောင့်လည်း လူသိများပါတယ်။

ဒါပေမဲ့ ဒီလို သာမန်ပုံစံရဲ့ နောက်ကွယ်မှာတော့ လည်လည်ဝယ်ဝယ်ရှိတဲ့ နိုင်ငံရေးအတွင်းလူတယောက် ရှိနေပါတယ်။ အနုထင်းဟာ အစိုးရအဖွဲ့ဝင်ဟောင်း ဝန်ကြီးတယောက်ရဲ့သား ဖြစ်ပြီး နိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေထဲက တခုဖြစ်တဲ့ Sino-Thai ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ မိသားစုရဲ့ အမွေဆက်ခံသူလည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးလောကထဲကို ဘီလီယံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်ရဲ့ လက်အောက် ထိုင်းရတ်ထိုင်းပါတီမှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သက်ဆင်လက်ထက် ကျန်းမာရေးဒုဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပါတယ်။ ပါတီဖျက်ခံရတော့ နိုင်ငံရေးလုပ်ခွင့် ၅ နှစ် အပိတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာ ဖုမ်းကျိုင်းထိုင်း ပါတီခေါင်းဆောင်အဖြစ် နိုင်ငံရေးလောကထဲ ပြန်ဝင်လာပြီး အခုတော့ အဲဒီ သက်ဆင်ရဲ့ နိုင်ငံရေးမျိုးဆက်ကို သူကိုယ်တိုင်က အစားထိုး နေရာယူလိုက်တာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တဖြစ်လဲ ဝန်ကြီးချုပ် ပရာယု ချန်အိုချာ လက်ထက်မှာလည်း ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့သလို ၂၀၂၃ ဖွေ့ထိုင်းပါတီ အာဏာပြန်ရတော့လည်း သူက ပြည်ထဲရေးဝန်ကြီး ဖြစ်လာပြန်ပါတယ်။

အနုထင်းရဲ့ နာမည်အကြီးဆုံးနဲ့ အငြင်းပွားဖွယ်ရာအဖြစ်ဆုံး မူဝါဒကတော့ ၂၀၂၂ ခုနှစ်မှာ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်က ဆေးခြောက်ကို တရားမဝင် မူးယစ်ဆေးဝါး အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့တာပါပဲ။ အနုထင်းက ဆေးဝါးအဖြစ်သုံးစွဲဖို့ ရည်ရွယ်တယ်လို့ ဆိုခဲ့ပေမဲ့ အပန်းဖြေသုံး ဆေးခြောက်ဆိုင်တွေ မှိုလိုပေါက်သွားစေခဲ့ပါတယ်။

သူ့ရဲ့ အဲဒီဝန်ကြီးသက်တမ်းအတွင်းမှာပဲ ပြောမှားဆိုမှားတွေကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ ပါဝင်ခဲ့ပါသေးတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ အနောက်နိုင်ငံသား ခရီးသွားတွေကို ‘ရေမချိုးတဲ့ ဖာရန်းညစ်ပတ်တွေ’ လို့ ဝေဖန်ခဲ့ပြီး နှာခေါင်းစည်းမတပ်ရင် တိုင်းပြည်ကနေ ကန်ထုတ်ပစ်သင့်တယ်လို့ ပြောခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

သူ့ရဲ့ တကယ့်နိုင်ငံရေးပါဝါကတော့ လက်တွေ့ကျမှုမှာ ရှိနေတာပါ။ သူ့ရဲ့ ဖုမ်းကျိုင်းထိုင်းပါတီမှာ တိကျတဲ့မူဝါဒ မရှိတာကပဲ အားသာချက် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ ရှေးရိုးစွဲဝါဒီ (conservative) တွေ၊ တော်ဝင်မင်းမျိုးမင်းနွယ်ကို ထောက်ခံသူ (loyalist) တွေနဲ့  ပြည်သူ့အကြိုက်ဆောင် (populist) နိုင်ငံရေးအင်အားစုတွေကြားမှာ ခြံစည်းရိုးခွထိုင်ပြီးတော့ လွယ်လွယ်ကူကူ သာရာကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်စနစ်ကို အခိုင်အမာ ကာကွယ်သူတယောက်ဖြစ်တဲ့ အနုထင်းဟာ နန်းတော်ကနေ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ခံခဲ့ရပြီး ရှေးရိုးစွဲ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ့်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်နိုင်ခဲ့ပါတယ်။ ဒီလိုရပ်တည်မှုကြောင့်ပဲ သူနဲ့ သူ့မဟာမိတ်တွေဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ တိုးတက်ရေးဝါဒီ Move Forward ပါတီကို အစိုးရဖွဲ့ခွင့်မရအောင် တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ဝန်ကြီးချုပ်ဖြစ်လာဖို့ နောက်ဆုံးလှုပ်ရှားမှုက ပိုပြီးတော့တောင် ထူးခြားပါတယ်။ အနုထင်းဟာ သူကိုယ်တိုင် အာဏာမရအောင် တားဆီးခဲ့တဲ့ Move Forward ပါတီရဲ့ တိုက်ရိုက်ဆက်ခံသူဖြစ်တဲ့ People's Party ရဲ့ ထောက်ခံမှုကို ရယူပြီး အနိုင်ရခဲ့တာပါ။ ဒါပေမဲ့  မလွှဲမရှောင်သာလို့ ဖွဲ့စည်းလိုက်ရတဲ့ မဟာမိတ်ဖွဲ့မှုတခုပါ။ People's Party က သူ့ကို ထောက်ခံဖို့အတွက် အဓိကတောင်းဆိုချက်နှစ်ခုကို အနုထင်းက သဘောတူခဲ့ရပါတယ်။ လေးလအတွင်း လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးဖို့ ဖြစ်ပါတယ်။

သူ့ရှေ့မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေပါတယ်။ ယိုင်နဲ့နေတဲ့ စီးပွားရေး၊ ကမ္ဘောဒီးယားနဲ့ နယ်စပ်တင်းမာမှုတွေ၊ ပြီးတော့ အချိန်မရွေး ပြန်ပေါ်လာနိုင်တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေပါ။ နိုင်ငံရေးကစားကွက် ကျွမ်းကျင်ရုံနဲ့ တည်ငြိမ်မှုကို အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံတနိုင်ငံကို အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်ပါ့မလား ဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024