
အမှုရင်ဆိုင်ဖို့ ပြန်လာမယ်လို့ ကတိပေးထားတဲ့အတိုင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ စက်တင်ဘာ ၈ ရက်မှာ ဘန်ကောက်ကို ပြန်လည်ရောက်ရှိလာပါတယ်။
သက်ဆင်ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်က လေဆိပ်မှာ ပြန်လည်ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
သက်ဆင်ဟာ “၁၄ လွှာ အမှု” လို့ ထင်ရှားတဲ့ အမှုအတွက် တရားရုံးချုပ်မှာ စက်တင်ဘာ ၉ ရက်နေ့ တရားရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအတွက် အမီပြန်လာတာ ဖြစ်ပါတယ်။
၂၀၂၂ နှစ်လယ်ကနေ ၂၀၂၃ နှစ်ဦးပိုင်းအထိ ထောင်ထဲမှာမနေဘဲ ရဲအထွေထွေဆေးရုံကြီး ၁၄ လွှာမှာ ဇိမ်ကျကျနေခဲ့တဲ့ ကိစ္စအတွက် ကြားနာစစ်ဆေးဖို့ တရားရုံးက ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်က စင်ကာပူမှာ ဆေးစစ်ဖို့ ချိန်းထားတယ်ဆိုပြီးတော့ ဘန်ကောက်ကနေ ထွက်ခွာခဲ့တဲ့ သက်ဆင်ဟာ ဒူဘိုင်းကို လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် “သက်ဆင်ပြေးပြီ” လို့ သတင်းတွေထွက်ခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူ ဆီလီတာလေဆိပ်မှာ ကိုယ်ပိုင်လေယာဉ်ဆင်းခွင့်က ည ၁၀ နာရီမှာ ပိတ်သလို ထိုင်းနဲ့ စင်ကာပူ စံတော်ချိန်ကလည်း တနာရီရှေ့ရောက်တဲ့အတွက် ဆင်းဖို့ မမီနိုင်တော့ကြောင်း၊ စင်ကာပူဘက်ကို ဦးတည်ပျံသန်းလာချိန်မှာ သူ့လေယာဉ်မှူးက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူ အရင်ကတည်းက အရိုးနဲ့ အဆုတ် ကုသမှု ခံယူခဲ့ဖူးတဲ့ ဆရာဝန်တွေရှိတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းကို လမ်းကြောင်းပြောင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။