
လာမယ့် သီတင်းကျွတ်ကာလ အများပြည်သူ ရုံးပိတ်ရက်ကာလအတွက် အဝေးပြေး ယာဥ်လိုင်းတချို့က ကြိုတင်ကားလက်မှတ်ရောင်းပေးနေပေမဲ့ ဝယ်တဲ့သူနည်းနေသေးတယ်လို့ ယာဥ်လိုင်းပိုင်ရှင်တွေဆီက သိရပါတယ်။
ဒေသအသီးသီးကနေ ရန်ကုန်မှာ အလုပ်လာလုပ်သူတွေအနေနဲ့ သီတင်းကျွတ် ရုံးပိတ်ရက်မှာ နေရပ်ကို အလည်အပတ်ပြန်ကြလေ့ရှိတာကြောင့် ကားစီးရေထပ်တိုးပေးရတတ်ပေမဲ့ ဒီနှစ်မှာတော့ ခရီးသွားနည်းပါးမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။
မကွေးကို ပြေးဆွဲတဲ့ ယာဥ်လိုင်းပိုင်ရှင်တယောက်က "ကြိုတင်လက်မှတ်က ဝယ်ရင် ရောင်းပေးဖို့ ပြင်ထားတယ်။ အရင်ကဆို ဒီအချိန်လောက်မှာ ရောင်းနေရပြီ။ ဒီနှစ်က တယောက်စ၊ နှစ်ယောက်စ ဖုန်းဆက်မေးတာလောက်ပဲ ရှိသေးတယ်။ ဒီအတိုင်းဆို ခရီးသွားသိပ်များမယ် မထင်ဘူး"လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံတဝန်း နယ်မြေမတည်ငြိမ်တာ၊ လုံခြုံရေးစိုးရိမ်ရတာနဲ့ ဝင်ငွေ မလုံလောက်တာတွေကြောင့် ရက်ရှည်ရုံးပိတ်ရက်တွေမှာ ခရီးသွားတွေ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ အဝေးပြေး ဂိတ်မှူးတယောက်က ပြောပါတယ်။
“တနှစ်ထက်တနှစ် ပိုဆိုးလာတာ။ အရင်လို ဆိုရင်ဒီလိုအချိန်မှာ အသည်းအသန် ပြင်ဆင်နေရပြီ။"
သီတင်းကျွတ်မှာ ပိတ်ရက်အပြည့်ရပေမဲ့ ကုန်ကျစရိတ်များပြီး မိသားစုက လမ်းခရီးအပေါ် စိတ်မချတာကြောင့် မပြန်ဖြစ်ဘူးလို့ အောင်လံမြို့ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့ အထည်ချုပ်စက်ရုံလုပ်သားတယောက်က ပြောပါတယ်။
အခုနှစ် သီတင်းကျွတ်ပိတ်ရက်က အောက်တိုဘာ ၄ ရက်ကနေ ၇ ရက်အထိ သတ်မှတ်ထားတာ ဖြစ်ပြီး မြန်မာ့နှစ်သစ် သင်္ကြန်ရုံးပိတ်ရက်ပြီးရင် ရက်ရှည်ပိတ်ရက်အများဆုံး ဖြစ်ပါတယ်။