
ရန်ကုန်ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေသယောင် ဖန်တီးဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီး လာမယ့် သီတင်းကျွတ်ကာလအတွက် ပြည်သူ့ရင်ပြင်ပန်းခြံထဲမှာ ဖျော်ဖြေရေးစင်မြင့်တွေနဲ့ စီစဉ်တာတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဒီဇင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်လို့ မြို့ကြီးပြကြီးတွေမှာ အေးချမ်းနေတဲ့ပုံစံမျိုး ပြသဖို့ စစ်ကောင်စီက ပုံဖော်နေတာဖြစ်တယ်လို့ မြို့တော်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ရန်ကုန်မှာ ဒီမိုးရာသီအကုန်က စပြီးတော့ ရွေးကောက်ပွဲ အခြေအနေအထိပေါ့၊ ရန်ကုန်တမြို့လုံးကို ပွဲလမ်းသဘင်တွေလုပ်ဖို့၊ နောက်တခုက ပွဲလမ်းသဘင်တွေ လုပ်ပြီးတော့ ပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပျော်နေတယ်၊ ပုံမှန်အတိုင်းဖြစ်နေတယ်၊ အကြမ်းဖက် ကိစ္စတွေလည်း ရှိမနေဘူး၊ အေးချမ်းနေတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပနေရတာ ဖြစ်ပါတယ် ဆိုတဲ့ပုံစံမျိုး လုပ်ချင်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေကို မလုပ်မနေရဆိုတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ခိုင်းတယ်။ စီမံချက်ပုံစံနဲ့ လုပ်တယ်လို့ ပြောလို့ရသလို သူတို့ရဲ့ တရားဝင်မှုပုံစံမျိုးကိုလည်း လုပ်ချင်တာ။ ပြီးတော့ အခု ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေရေးစင်ရှိတယ်။ အရင်ကတော့ တိုင်တွေပဲ ထားထားတာ။ အခုတော့ အဲဒီတိုင်တွေကို ပြန်ပြင်နေတယ်။ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲလုပ်လို့ ရအောင်ဆိုပြီးတော့ အဲဒီနေရာမှာ ပြင်ဆင်တာတွေ ပြန်လုပ်နေတယ်။”
ရန်ကုန်မြို့တွင်း မြို့နယ်အနှံ့မှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ဖို့ မြို့နယ်ထွေအုပ်၊ မြို့နယ်မှူးနဲ့ စည်ပင်တွေကို မှာကြားထားပြီး ပွဲတော်တွေရဲ့ ကုန်ကျစရိတ်ကို ဦးဆောင်ပြုလုပ်မယ့် အကျိုးဆောင် ပူးပေါင်းသူတွေကိုလည်း ရှာဖွေနေတယ်လို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်ကစပြီး ၂၀ ရက်အထိကိုလည်း စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမှာ ဈေးပွဲတော် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံပြည်သူတယောက်က “ကျနော်တို့ စမ်းချောင်းထဲမှာ ဒီလ ၁၅ ရက်နေ့က စတာ၊ မုန့်ဈေးတန်းတွေရော ကလေးကစားစရာတွေ နောက် ချားရဟတ်တွေ ပင်လယ်ဓားပြလှေတို့ဆိုရင် လေးငါးခုလောက်ပါတယ်။ ညဘက်ဆို တိုးလို့တောင်မပေါက်ဘူး။ သီတင်းကျွတ် တန်ဆောင်တိုင် ဆိုလည်း ပွဲတော်တွေရှိတယ်၊ တအားစည်တယ်” လို့ ပြောပါတယ်။
လတ်တလော မြို့တော်ခန်းမနား ဗုံးခွဲခံရမှု ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားတွေ ပြန်လည်ဖြည့်တင်းထားပြီး လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပြီး ရန်ကုန်က မြို့နယ် ၁၂ ခုမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝေဝေ