Home
မြန်မာသတင်း
ငလျင်ဘေးကြုံနေရချိန် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးဒေသ၌ ပျော်ပွဲရွှင်ပွဲမလုပ်ကြရန် သတိပေး 
DVB
·
April 12, 2025

ငလျင်ဘေးကြောင့် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အတွင်း ပုဂံ၊ ညောင်ဦး၊ ပုပ္ပားဒေသကို အလည်အပတ်မလာကြဖို့၊ ပျော်ပွဲရွှင်ပွဲနဲ့ အသံချဲ့စက်တွေ မဖွင့်ကြဖို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီးနဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့လို့ မြန်မာနိုင်ငံတဝန်းလုံး နေရာအနှံ့အပြားမှာ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိကာလ ပူဆွေးနေရတာတွေအတွက် ပြည်သူအချင်းချင်း အားပေးနှစ်သိမ့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားကြပါတယ်။

ဒီကာလအတွင်း ပြည်သူတွေအနေနဲ့ နှစ်သိမ့်အားပေးတာကို တယောက်ချင်းဖြစ်ဖြစ်၊ အစုအဖွဲ့အနေနဲ့ဖြစ်ဖြစ် လုပ်ကြဖို့၊ ကုသိုလ်ကောင်းမှု လုပ်တာ၊ ဆုတောင်းတာ၊ ငလျင်ဒဏ်ခံ ပြည်သူတွေကို စာနာရိုင်းပင်းကြောင်း ပြသတဲ့ လုပ်ဆောင်မှုတွေလုပ်ကြဖို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ညောင်ဦးခရိုင်မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးတာတွေ မရှိခဲ့ပေမဲ့ ညီနောင်သွေးချင်း ပြည်သူပြည်သားအပေါင်း ဝမ်းနည်းပူဆွေးနေရချိန်မှာ ငလျင်ဒဏ်ခံပြည်သူတွေကို စာနာရိုင်းပင်းကြောင်း ပြသတဲ့အနေနဲ့ ပုဂံ ညောင်ဦး၊ ပုပ္ပားဒေသကို အပန်းဖြေ၊ အလည်အပတ် ခရီးလှည့်လည်သွားလာတာ မလုပ်ကြဖို့ အသိပေးကြေညာပါတယ်။

ပြီးတော့ ညောင်ဦးခရိုင်ထဲမှာ သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဖွင့်လှစ်ရေကစားတာ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်တာ၊ မူးယစ်သောက်စား ရမ်းကားတာနဲ့ အသံချဲ့စက်တွေ ဖွင့်တာ၊ အလှူမင်္ဂလာပွဲတွေမှာ တီးဝိုင်း၊ ဆိုင်း၊ အငြိမ့်နဲ့ အသံချဲ့စက်တွေ အသုံးပြုတာကိုလည်း မလုပ်ကြဖို့ တားမြစ်လိုက်ပါတယ်။

စစ်တပ်က ပြည်သူ့အာဏာကို မတရားလုယူဖို့ ကြိုးစားခဲ့တဲ့အချိန်ကစလို့ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံမှုကြောင့် ကိုဗစ်တတိယလှိုင်းမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ သေဆုံးခဲ့ရသလို မုန်တိုင်း၊ ရေကြီးတာမှာလည်း မဆုံးရှုံးသင့်တဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေ ကြောင့်လည်း လူ့အသက်အများကြီး ဆုံးရှုံးခဲ့ရသလို ငလျင်ဘေး ဒဏ်ခံရချိန်မှာတောင် လေကြောင်းတိုက်ခိုက်တာတွေကို အကြိမ် ၁၆၀ ကျော် လုပ်ခဲ့တယ်လို့ DVB DATA အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013