
မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးနေတဲ့ ကိုလံဘီယာ ဂီတပညာရှင် ၂ ယောက်ကို ကူညီရှာဖွေပေးဖို့ ကိုလံဘီယာသမ္မတက မက္ကဆီကိုသမ္မတကို မေတ္တာရပ်ခံခဲ့ပြီး နောက်တနေ့ စက်တင်ဘာ ၂၂ ရက်မှာ အနုပညာရှင်တွေရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
B-King လို့ လူသိများတဲ့ အသက် ၃၁ နှစ်အရွယ် ရက်ဂေးအနုပညာရှင် ဘေရွန် ဆန်းချက်ဇ်နဲ့ ရေဂီယို ကလောင်းန် အမည်နဲ့ ဖျော်ဖြေသူ အသက် ၃၅ နှစ်အရွယ် ဒီဂျေ ဟော်ရ်ဟဲ ဟာရေးရာ တို့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး လူသတ်မှု စုံစမ်းစစ်ဆေးရေးကို စတင်ခဲ့ကြောင်း မက္ကဆီကိုစီးတီး အစိုးရရှေ့နေရုံးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
မက္ကဆီကိုစီးတီးမြို့တော်ရဲ့ ပိုလန်ကို ရပ်ကွက်ထဲမှာ သူတို့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ ကိုလံဘီယာနိုင်ငံသားတွေကို စက်တင်ဘာ ၁၆ ရက်က နောက်ဆုံး စစ်ဆေးကြားနာခဲ့ကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။
မက္ကဆီကိုစီးတီး မြို့ပြင်ပိုင်း မက္ကဆီကိုပြည်နယ် ကိုကိုးတစ်တ်လန်မြို့မှာ စက်တင်ဘာ ၁၇ ရက်က တွေ့ရှိခဲ့တဲ့ အလောင်း ၂ လောင်းရဲ့ ဖော်ပြချက်ဟာ ကိုလံဘီယာနိုင်ငံသား ၂ ယောက်ရဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်လို့ အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့မှာ ဆန်းချက်ဇ်ရဲ့ဆွေမျိုးတွေက သူ့ရဲ့အလောင်းကို ခွဲခြားဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အစိုးရရှေ့နေရုံးက ပြောပါတယ်။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုဟာ သူ့နိုင်ငံသား အနုပညာရှင်တွေရဲ့ တည်နေရာကို ရှာဖွေပေးဖို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ရဲ့ အကူအညီအတွက် လူသိရှင်ကြား ပန်ကြားခဲ့ပြီးနောက်မှာ သမ္မတ ရှိန်းဘောင်းမ်က ဒေသအာဏာပိုင်တွေဟာ ကိုလံဘီယာနိုင်ငံသားတွေ ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေကြောင်း တနင်္လာနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းမှာတော့ ပေထရိုဟာ ဂီတအနုပညာရှင်တွေ သေဆုံးမှုကို ဆိုရှယ်မီဒီယာတခုမှာ အတည်ပြုခဲ့ပြီး “မူးယစ်ဆေးဝါးစစ်ပွဲ” နဲ့ အားကောင်းလာခဲ့တဲ့ နိုင်ငံတကာ မာဖီးယားဂိုဏ်းကို အပြစ်တင်ခဲ့ပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကိုလံဘီယာ ဂီတအနုပညာရှင် ၂ ယောက် ဘာတွေ တွေ့ကြုံခဲ့ရတယ် ဆိုတာကို သိရှိနိုင်ရေးအတွက် ပြင်းထန်တဲ့ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်မှာဖြစ်ကြောင်း ကိုလံဘီယာအာဏာပိုင်တွေကို ကတိပြုခဲ့ပါတယ်။
Source: Reuters