
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို အသင်းသားအားလုံး စုပေါင်းရယူခဲ့တာဖြစ်ကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီက ပြောသွားပါတယ်။
ပြင်သစ်ကစားသမားဟာ မနှစ်ကရာသီက ကလပ်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလား အပါအဝင် ပြင်သစ်လိဂ်ချန်ပီယံနဲ့ ရှုံးထွက်ဖလားတွေ ရယူနိုင်ခဲ့ပြီးနောက် ဘလွန်းဒီအောဆု ရယူနိုင်ခဲ့တာပါ။
အသက် ၂၈ နှစ်ရှိ ဒမ်ဘီလီဟာ ပီအက်စ်ဂျီနဲ့ စုစုပေါင်း ၅၃ ပွဲမှာ ၃၅ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး ကစားသမားဘဝတလျှောက် အကောင်းဆုံးဘောလုံးရာသီ ဖြစ်ခဲ့တာပါ။
ဘလွန်းဒီအောဆုရဖို့က လွယ်ကူတဲ့အရာမဟုတ်ဘဲ အသင်းသားအားလုံး စုပေါင်းရယူနိုင်ခဲ့တဲ့ တဦးချင်းဆုဖြစ်ကြောင်း ဒမ်ဘီလီက ပြောပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ရှိပြီး အသင်းဥက္ကဋ္ဌ အယ်လ်လိုင်ဖီ အပါအဝင် နည်းပြ လူးဝစ်အင်နရီကေးတို့ဟာ မိမိရဲ့ ဖခင်တယောက်လို ပြုမူဆက်ဆံခဲ့ကြောင်း ဒမ်ဘီလီက ပြောသွားပါတယ်။
ဒမ်ဘီလီဟာ ပြင်သစ်ကစားသမားတွေထဲမှာ ဘလွန်းဒီအောဆုရခဲ့တဲ့ ၆ ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ပါတယ်။
အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကိုတော့ ဘာစီလိုနာက စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ၃ နှစ်ဆက်တိုက် ရယူသွားပါတယ်။




