
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက်က ရပ်ကွက်မှာ နေထိုင်ကြောင်း ထောက်ခံစာ လုပ်တာကို ဘီယာဆိုင်မှာ ချိန်းခဲ့တဲ့ တောင်ငူမြို့က အုပ်ချုပ်ရေးမှူးတယောက် စစ်ဆေးခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း, တောင်ငူမြို့၊ အမှတ် ၁၁ ရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်က ထောက်ခံစာယူဖို့သွားတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချမ်းသာက ဘီယာဆိုင်ကို ချိန်းခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးက သူ့ကို ကိုယ်စားလှယ်မှန်း မသိတော့ ဘီယာဆိုင်ချိန်းလိုက်တာ၊ သူက ဘာအတွက် ထောက်ခံစာလုပ်မယ်လို့ မပြောတာလည်း ပါတယ်။ ပါတီက လူကြီးတွေကို ခေါ်ပြီး ဘီယာဆိုင်မှာ လာရှင်းတာ၊ အဲဒီမှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်က ပျံ့သွားတာ၊ အဲဒီအုပ်ချုပ်ရေးမှူး အခု စစ်ဆေးခံနေရတယ်။”
လတ်တလောမှာ တောင်ငူမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချမ်းသာကို မြို့နယ်က စစ်ဆေးနေတာ မှန်ပေမဲ့ အရေးယူမှု ရှိ မရှိ မသိရသေးဘူးလို့ သိရပါတယ်။
MFDP ပါတီကိုယ်စားလှယ်လောင်းနဲ့ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချမ်းသာ ပြဿနာဖြစ်တဲ့ ရုပ်သံဖိုင်ကို စက်တင်ဘာ ၂၂ ရက်မှာ စစ်တပ် လော်ဘီချန်နယ်တွေတဆင့် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
ပဲခူးတိုင်းမှာ မြို့နယ်ပေါင်း ၂၈ မြို့နယ် ရှိပေမဲ့ ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ် ၈ မြို့နယ်မှာ ပြုလုပ်နိုင်ပြီး လာမယ့်ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်သွားမယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် မျိုးဆွေဝင်းက ပြောထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းမှာ ပဲခူးတိုင်းက ပဲခူး၊ ပြည်၊ တောင်ငူ၊ နတ္တလင်း၊ ရွှေတောင်၊ ညောင်လေးပင်၊ လက်ပံတန်းနဲ့ သာယာဝတီမြို့နယ်တွေ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


