
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲကဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၄ ရက်ည ၈ နာရီလောက်က အံဒင်းကျေးရွာအုပ်စု၊ ဓမင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေအနဲ့ ရာအိမ်မှူး ဦးသောင်းစိန်တို့ဟာ စစ်မှုထမ်းလူစားထိုးပိုက်ဆံတွေကို နေအိမ်ထဲမှာ ဝေစုခွဲယူနေချိန် ပစ်ခတ်ခံရပြီးနောက် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ အရပ်သား ၁၁ ယောက်ကို ဖမ်းထားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ တယောက်က ''လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်ပစ်ခတ်လို့ အုပ်ကြီး ရော၊ ရာအိမ်မှူးပါ ၂ ယောက်လုံး သေဆုံးသွားတာ။ အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရပ်သားတွေ အဖမ်းခံရတာ။ အားလုံး ၁၁ ယောက်အထိရှိပြီး''လို့ ပြောပါတယ်။
စက်တင်ဘာ ၁၅ ရက်က ၇ ယောက်နဲ့ ၁၆ ရက်က ၄ ယောက်ကို ဖမ်းထားပြီး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ရွာက အရပ်သားတွေ အများဆုံး အဖမ်းခံထားရတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တရွာလုံးလောက်အထိဖမ်းဖို့ လုပ်နေတာ ဖြစ်လောက်ပါတယ်။ ဒီနေ့ မနက်ကလည်း ရွာထဲကို တပ်နဲ့ရဲတွေလာသွားသေးတယ်။ ထပ်ဖမ်းခံရတယ်တော့ မကြားမိသေးဘူး။ အိမ်တွေထဲတော့ တအိမ်ဝင် တအိမ်ထွက် လိုက်စစ်ဆေးသွားသေးတယ်''လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၁၈ ဝန်းကျင်အရွယ် အမျိုးသမီးတယောက်နဲ့ ကျန်တဲ့ ၁၀ ယောက်ဟာ အသက် ၁၉ နှစ်နဲ့ ၂၅ နှစ်ကျော်ကျော်အရွယ်အမျိုးသားတွေဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၁၇ ရက်နေ့လယ်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။


