
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ “ကံကောင်းခြင်းရတနာ” အထပ်သားစက်ရုံမှာ စက်တင်ဘာ ၆ ရက် ညက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဘီးလင်းမြို့နယ်၊ အလူးကျေးရွာ၊ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဦးဆန်းနိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက် ည ၉ နာရီလောက်မှာ အထပ်သားစက်ရုံဝင်းအတွင်း ရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း စက်ရုံနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သေနတ်သမား ၆ ယောက် ရောက်လာပြီး ၈ ချက် ပစ်သွားတာ။ ဘယ်အဖွဲ့ကလဲတော့ မသိဘူး။ ကိုဆန်းနိုင်က စရဖကို သတင်းပေးလုပ်နေတယ်လို့ ဆိုပြီး လာပစ်သွားတာ။ မနေ့က ဘီးလင်းသုသာန်မှာ သင်္ဂြိုဟ်လိုက်ပါပြီ။”
သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးဆန်းနိုင်ရဲ့ ရင်ဘတ်၊ နောက်ကျောနဲ့ ဦးခေါင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၈ ချက် ရရှိပြီး အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
စစ်တပ် အာဏာမသိမ်းခင်အချိန်ထိ ဦးဆန်းနိုင်ဟာ ဘီးလင်းမြို့ စုစည်းအားမာန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူတယောက် ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစလို့ အလူးကြီးကျေးရွာ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကလည်း အလူးလေးကျေးရွာ အနောက်ပိုင်းနေ အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။