
ဂျေရုစလင်မြို့ ဘတ်စ်ကားဂိတ်မှာ စက်တင်ဘာ ၈ ရက်က ပါလက်စတိုင်း သေနတ်သမား ၂ ယောက် ပစ်ခတ်မှုကြောင့် အစ္စရေး ၆ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။
တာဝန်ချိန်မဟုတ်တဲ့ စစ်သားတယောက်နဲ့ အရပ်သားတယောက်က တိုက်ခိုက်သူတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ ၂ ယောက်က စိုးရိမ်ရတယ်လို့ အစ္စရေးမီဒီယာတွေက ထုတ်ပြန်ပါတယ်။
ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာ ထုတ်ပြန်တာ မရှိသေးပေမဲ့ ဟားမတ်စ်အဖွဲ့ကတော့ တိုက်ခိုက်မှုကို ချီးကျူးခဲ့ပါတယ်။
အခင်းဖြစ်နေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကတော့ အစ္စရေးဟာ အကြမ်းဖက်ဝါဒနဲ့ ပြင်းထန်တဲ့ စစ်ပွဲတရပ်ကို စစ်မျက်နှာအစုံဖွင့် ဆင်နွှဲနေရတယ်လို့ မှတ်ချက်ပေးပါတယ်။
အစ္စရေးစစ်တပ်ဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ တိုက်ခိုက်မှု ရာချီပြီး ဟန့်တားနိုင်ခဲ့ပေမဲ့ ဒီကနေ့ မနက်ခင်းမှာတော့ ကံမကောင်းစွာနဲ့ မဟန့်တားနိုင်ခဲ့ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
လူသတ်သမားတွေလာတဲ့ ရွာတွေကို ဝိုင်းရံပိတ်ဆို့ထားပြီး ကူညီပေးသူတွေ၊ စေလွှတ်သူတွေကိုပါ အမိဖမ်းမယ်လို့ နေတန်ယာဟုက ကြုံးဝါးထားပါတယ်။
အနောက်ဘက်ကမ်းက ရာမာလာမြို့ ဆင်ခြေဖုံးက ပါလက်စတိုင်းရွာတွေကို အစ္စရေးစစ်သားတွေ ဝိုင်းထားတယ်လို့ စစ်တပ်က အတည်ပြုပါတယ်။