
ဘရာဇီးနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကို တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့အကြီးဆုံး ခြင်မွေးမြူရေး ဇီဝစက်ရုံကြီးတခုကို ဖွင့်လှစ်လိုက်ပါတယ်။
ဒီစက်ရုံဟာ သွေးလွန်တုပ်ကွေး၊ ဇီကာနဲ့ ချီကန်ဂန်ညာလို ရောဂါတွေ မကူးစက်အောင် တားဆီးပေးနိုင်တဲ့ ဝယ်လ်ဘားကီးယား (Wolbachia) ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ ခြင်တွေကို အမြောက်အမြားမွေးမြူမှာ ဖြစ်ပါတယ်။
အဲဒီခြင်တွေကို သဘာဝခြင်တွေနဲ့ သားဖောက်ဖို့ ပြန်လွှတ်ပေးခြင်းအားဖြင့် ရောဂါတားဆီးပေးတဲ့ ဘက်တီးရီးယားကို ပျံ့နှံ့စေမှာဖြစ်ပြီး ဒီနည်းလမ်းနဲ့ လူဦးရေ သန်း ၁၄၀ ကို ကာကွယ်ပေးဖို့ ရည်ရွယ်ထားပါတယ်။
ဘရာဇီးမှာ မနှစ်က သွေးလွန်တုပ်ကွေးကြောင့် လူ ၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။
ဝယ်လ်ဘားကီးယား ဘက်တီးရီးယားဟာ အင်းဆက်တွေရဲ့ ဆဲလ်ထဲမှာပဲ ရှင်သန်နိုင်လို့ လူကို ဘေးမဖြစ်စေတဲ့ သဘာဝနည်းလမ်းတခုဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဒီခြင်တွေကို ရောဂါအဖြစ်များတဲ့ မြို့နယ်တွေမှာ ကားတွေနဲ့ သယ်ဆောင်ပြီး လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။
Wolbito do Brasil လို့ နာမည်ပေးထားတဲ့ ဒီဇီဝစက်ရုံကြီးကို ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ခရူချီးဘားမြို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး တပတ်ကို ခြင်ဥ သန်း ၁,၀၀၀ ထုတ်လုပ်နိုင်ပါတယ်။
အေးဒီးစ်ခြင်ကျားကနေ ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါကို နှစ်စဉ် ကမ္ဘာမှာ လူသန်းရာချီ ကူးစက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Source: Reuters